Searching...

တစ်ဦးနဲ့  တစ်ဦး၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး၊ တစ်ဘာသာနဲ့ တစ်ဘာသာ ငြိမ်းချမ်းသေ...

တစ်ဦးနဲ့  တစ်ဦး၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး၊ တစ်ဘာသာနဲ့ တစ်ဘာသာ ငြိမ်းချမ်းသောနည်းလမ်းများနဲ့  အတူတကွ လက်တွဲကြပြီး ဆောင်ရွက်ကြိုးပမ်းကြဖို့  မေတ္တာရပ်ခံလိုပါတယ်။လူမျိုးရေး ဘာသာရေး ပြဿနာဖြစ်အောင် လုပ်ကြရင် ဘယ်သူဘဲလုပ်လုပ် ဘယ်ဘက်ကဘဲ လုပ်လုပ် တိုင်းပြည်အတွက် ထိခိုက်နစ်နာစေမှာဖြစ်သလို အားလုံး ဘယ်သူမဆို ဒီဆိုးကျိုးကို ခံစားကြရမှာမို့  အသိတရားနဲ့  ဆင်ခြင်ကြဖို့  လိုပါတယ်။ အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီးများရဲ့ စကားများနဲ့  မှတ်သားလိုက်နာသင့်တဲ့ အဆိုစကားလေးတွေကို ဖေါ်ပြလိုက်ပါတယ်။“လူမျိုးရေးတရားဟာလည်း ငါ့လူမျိုးမှ ငါ့လူမျိုး၊ တခြားလူမျိုးတွေဟာ ငါ့လောက်မမြတ်။ ငါ့လူမျိုးသာ ကမ္ဘာကို ကြီးစိုးရမယ်ဆိုတဲ့ ကျဉ်းမြောင်းသေးသိမ်တဲ့ လူမျိုးရေးတရား မဟုတ်ဘဲ၊ ကိုယ့်လူမျိုးကို ချစ်ခင်သော်လည်း တခြားလူမျိုးများကို မုန်းတီးခြင်း၊ အထင်သေးခြင်း မဖြစ်ဘဲ ကမ္ဘာမှာ
တိုင်းပြည်အချင်းချင်း သင့်မြတ်စွာ တဦးအကျိုး တဦးဖြစ်ပွားအောင် ဆောင်ရွက်တဲ့ လူမျိုးရေး တရားမျိုးသာ ဖြစ်ရမယ်”ဗိုလ်ချူပ်အောင်ဆန်း။“ကျွန်တော်တို့  ကိုယ့်ကိုကိုယ် လူနည်းစုလို့  သဘောမထား၊ လူများစုနဲ့  ပေါင်းလိုက်တယ်”ဆရာကြီး ဦးရာဇတ်(၁၉၄၇ ခုနှစ်၊ ဇွန်လ အိန္ဒိယနိုင်ငံ မဒရပ်မြို့ တွင် သတင်းထောက်တစ်ဦးက ဆရာကြီးအား မြန်မာနိုင်ငံတွင် မွတ်စလင်လူနည်းစုတို့ ၏ အနေအထား မည်သို့  ရှိပါသနည်းဟု မေးမြန်းစဉ် ဆရာကြီး၏ အဖြေ)။“လူတစ်ယောက်အနေနှင့် မိမိတစ်စုတစ်ဖွဲ့၏ အတွေးအခေါ်အယူအဆကို လေးစားကြည်ညိုယုံမျှနှင့် မပြီး။ အခြားတစ်ပါးသောသူများ၏ အတွေးအခေါ်အယူဆများကိုလည်း ကျိုးကြောင်းခိုင်လုံမှု မရှိပဲ ဝေဖန်နှိမ်ချခြင်း မပြုသင့်” ။ (အသောကကျောက်စာ) ။“မတူသော အယူအဆများ ညှိနိုင်းဆွေးနွေးကြရာတွင်၊ အစဉ်အလာကြောင့် အယူများအပေါ်အားပြုသည်ထက်၊ ဆင်ခြင်တုံတရားကို ရှေ့တန်းတင်သည်က လူမှုရေးသဟဇာတမျှမှုကို ပိုမိုဦးတည်စေနိုင်လိမ့်မယ်” ။ (အက္ကဗာနန်းရင်ပြင်တွင် ဘာသာပေါင်းစုံ နှီးနောဖလှယ်ပွဲကျင်းပပေးခဲ့သော အက္ကဗာမူဆလင် ဘုရင်ကြီး)။တိုင်းပြည်အကျိုးကို ဦးထိပ်ထားပြီး အသက်စွန့် ဆောင်ရွက်ပေးခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြတဲ့- တိုင်းပြည်အကျိုးကို ဦထိပ်ထား ဆောင်ရွက်ခဲ့ကြတဲ့ ရခိုင်အမျိုးသားပုဂ္ဂိုလ်များ ဖြစ်တဲ့ မြန်မာ့ လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမ။ ရခိုင် တော်လှန်ရေးခေါင်းဆောင် ဆရာတော် ဦးစိန္တာ၊ ကမ္ဘာ့သာသနာပြု ဆရာတော် ဦးစန္ဒြမုဏိနှင့် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးဦးသာထွန်း အစရှိတဲ့ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်တွေရဲ့  ကြိုးပမ်းဆောင်ရွက်မှုတွေ ကျေးဇူးတရားတွေ၊ မြန်မာမူစလင်များ ဖြစ်ကြတဲ့ အာဇာနည်အမျိုးသားခေါင်းဆောင်ကြီး ဦးရာဇတ်၊ အာဇာနည် ရဲဘော် ကိုထွေး၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ပထမဦးဆုံး ဥက္ကဌ ကိုထွန်းစိန်၊ လူမှုထူးချွန်ဆုရှင် ဟာဂျီမ ဒေါ်ပု၊ ဆရာကြီး ဦးရာရှစ်၊ စာရေးဆရာ ကဗျာ ဆရာ မောင်သော်က (ခေါ်) ဗိုလ်မှူး ဘသော်တို့  တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်တွေရဲ့  ကြိုးပမ်းဆောင်ရွက်မှုတွေ ကျေးဇူးတရားတွေကို ကျေးဇူးဆပ်တဲ့အနေနဲ့  ကျွန်တော်တို့  အားလုံးက တိုင်းပြည်အတွက် အကျိုးရှိအောင် တရားဥပဒေစိုးမိုးအောင် တည်ငြိမ်အေးချမ်းမှုရှိအောင် ၀ိုင်းဝန်းဆောင်ရွက်ကြဖို့  တိုက်တွန်းလိုပါတယ်။မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူအားလုံး ပဋိပက္ခတွေ ပြေလည်အောင် တစ်ဦးနဲ့  တစ်ဦး၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး၊ တစ်ဘာသာနဲ့ တစ်ဘာသာ ငြိမ်းချမ်းသောနည်းလမ်းများနဲ့  အတူတကွ လက်တွဲကြပြီး ဆောင်ရွက်ကြိုးပမ်းကြဖို့  မေတ္တာရပ်ခံလိုပါတယ်။
 
အပေါ်သို့!