ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဇွန်လ ၈ ရက်နေ့မှ ၁၃ ရက်နေ့အထိ ပျက်စီးဆုံးရှုံးမှုများနှင့် ကယ်ဆယ်ရေးစခန်းများ၏ အခြေအနေကို ရခိုင်ပြည်နယ် နယ်စပ်ဒေသနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှုးကြီးထိန်လင်းက အောက်ပါအတိုင်းပြောကြားပါသည်။
"၈ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ အားလုံးတောက်လျှောက်ပေါင်းကြည့်မယ်ဆိုရင် မီးလောင်ဖျက်ဆီးခံခဲ့ရတာ ရခိုင်လူမျိုးတွေရဲ့အိမ် ၁၁၉၂ အိမ်ရှိပါတယ်။ မူစလင်အိမ် ၁၃၃၆အိမ် ရှိပါတယ်။ စုစုပေါင်း ၂၅၂၈ လုံး မီးလောင်ကျွမ်းခံခဲ့ရပါတယ်။ ဗလီ ၇ လုံး မီးလောင်ကျွမ်းခံခဲ့ရပါတယ်။ ဘုန်းကြီးကျောင်း ၉ ကျောင်း၊ စာသင်ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။
သေဆုံးမှုအနေနဲ့ ၂၉ ဦးသေဆုံးခဲ့ပြီး ရခိုင်လူမျိုး ၁၃ ဦးနဲ့ မူစလင် ၁၆
ဦး ဖြစ်ပါတယ်။ ဒဏ်ရာရတဲ့အခြေအနေတွေကို ပြန်ကြည့်မယ်ဆိုရင်
အားလုံးစုစုပေါင်း ၃၈ ဦးရှိပြီးတော့ ရခိုင်လူမျိုး ၁၆ ဦးနဲ့
မူစလင်လူမျိုး ၂၂ ဦးရှိပါတယ်။ ဒီကိန်းဂဏန်းတွေကတော့ ကျနော်တို့ ၁၃
ရက်နေ့အထိ ကျနော်တို့ ဖွဲ့စည်းထားတဲ့ စာရင်းဇယားရယူရေးအဖွဲ့နဲ့
တောက်လျှောက်ကောက်ခံရရှိထား
တဲ့ စာရင်းဇယားအရ တင်ပြခြင်းဖြစ်ပါတယ်။
ဆက်လက်ပြီးတော့ မြို့နယ်အသီးသီးမှာ ဖွင့်လှစ်ထားရှိတဲ့ စခန်းတွေအကြောင်း
တင်ပြလိုပါတယ်။ ပရိပက္ခကြောင့် တိမ်းရှောင်ခဲ့တဲ့ အဖွဲ့တွေစုစည်းပြီး
ယာယီနေထိုင်ဖို့ စခန်း ၃၇ ခု ကျနော်တို့ လက်ရှိဖွင့်ထားပါတယ်။ စုစုပေါင်း
လူဦးရေ ၃၁၈၈၄ ဦး စခန်း အသီးသီးမှာ ရောက်ရှိနေပါတယ်။ မရောက်ရှိသေးတဲ့
အချို့အချို့သော အဖွဲ့တွေလည်း ရှိကောင်းရှိမှာဖြစ်ပါတယ်။
စစ်တွေမှာဆိုရင်တော့ ရခိုင်လူမျိုးတွေအတွက် ဖွင့်လှစ်ထားတဲ့ စခန်း ၁၅ ခု
ရှိပါတယ်။ အဲ့ဒီမှာ လူဦးရေ ၅၆၉၀ ရှိပါတယ်။ တိမ်းရှောင်နေတဲ့
မူစလင်တွေစုစည်းပြီးထားတဲ့ စခန်း ၂ ခုရှိပါတယ်။ အင်အားအနေနဲ့ ၁၈၈၈၆ ဦး
ရှိပါတယ်။ ဒါ့ကြောင့်မို့ စစ်တွေမှာ ရခိုင်ရော မူစလင်ရော ပေါင်းမယ်ဆိုရင်
၂၄၅၇၆ ဦးရှိနေတာ တွေ့ရပါတယ်။ ရသေ့တောင်မှာကတော့ ၁၄ နေရာရှိပါတယ်။
ရခိုင်လူမျိုးတွေ သင့်တော်ရာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတို့မှာ
ဖွင့်လှစ်ထားတာရှိပါတယ်။ အင်အားကတော့ ၃၁၀၄ ဦးရှိပါတယ်။ ပုဏ္ဏားကျွန်းမှာ
စခန်း ၄ နေရာ ဖွင့်ထားပြီးတော့ ၂၇၀၄ ဦးရှိပါတယ်။ ပေါက်တောမှာတော့
မူစလင်စခန်း ၂ ခု ဖွင့်ထားပါတယ်။ အင်အားက ၁၅၀၀ ရှိပါတယ်။
မနေ့ကစပြီးတော့ အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။
မနေ့ညကဆိုရင် မီးရှို့ဖျက်ဆီးဖို့ ကြံတဲ့သူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်များ
ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့နေရာက ၂ နေရာဖြစ်ပါတယ်။
တစ်နေရာမှာတော့ အဝတ်စတွေပါ ထိုးထည့်ထားတဲ့ ဓါတ်ဆီပုလင်း ၂၅ ပုလင်း၊
ပြင်ဆင်မှုလုပ်ဖို့ ရည်ရွယ်ပြီး ဆောင်ထားတဲ့ ပုလင်းခွံ ၃၄ လုံး၊ ဓားတို့
ဓားမြောင်တို့ ဦးချွန်တို့ သစ်သားအရိုးတပ်မှန်တို့၊ သံချွန်တွေ၊
သံတူရွင်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာရှိပါတယ်။ ဒါကို ပြန်ကြည့်မယ်ဆိုရင်
စစ်တွေ ကုန်းတန်းရပ်ကွက်မှာ ၂၃ ဦး ဖမ်းဆီးရမိပါတယ်။ နောက်ထပ်
မီးရှို့ဖို့အတွက် တက်လာလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက
ဝိုင်းဝန်းဖမ်းဆီးတဲ့အတွက် ၆ ဦးထပ်မိပါတယ်။ အားလုံး ၂၉ ဦးရှိပါတယ်။
ဒါကိုလဲ အမှတ် (၁) ရဲစခန်းကို အပ်နှံပြီးတော့ ကျင့်၁၅၁အရ
ချုပ်နှောင်ထားရှိပြီး အရေးယူဆောင်ရွက်နိုင်ဖို့အတွက် စီမံဆောင်ရွက်လျက်ရှိပါတယ်။
ဒါကြောင့်မို့လို့ လက်ရှိအခြေအနေမှာတော့ တည်ငြိမ်အေးချမ်းမှု
ရရှိနေပြီဖြစ်ပါတယ်။ " ဟု နယ်စပ်ဒေသနှင့် လုံခြုံရေးဝန်ကြီး
ဗိုလ်မှုးကြီးထိန်လင်းက သတင်းထောက်များကို ပြောကြားခဲ့ပါသည်။