Searching...

မြန်မာ့အကြီးဆုံး အပြည်ပြည်​ဆိုင်​ရာ လေဆိပ်စီမံကိန်း စတင်မည်

မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်လာမည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းကို စတင်ရန် ပြည်တွင်းပြည်ပ ရင်းနှီး မြှုပ်နှံမှုများ ခေါ်ယူဆောင်ရွက်တော့မည် ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင် ထွန်းနိုင်က ဇူလိုင်လ ၂ ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးရှိခန်းမတွင် ကျင်းပခဲ့သော ဟံသာဝတီ အပြည် ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်းနှင့်ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
တည်ဆောက်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် အကျယ်အဝန်းအားဖြင့် ဧက ၉၀၀၀ ကျော် ရှိမည် ဖြစ်ကြောင်း၊ ပဲခူး တိုင်း ဒေသကြီးအတွင်း ပဲခူးမြို့နယ် ကျောက်တိုင်တန်း ကျေးရွာတွင် တည်ဆောက်မည်ဖြစ်ကြောင်း၊ ရန် ကုန်မြို့မှ မိုင် ၅၀ ကျော် ကွာ ဝေးကြောင်း၊ လေဆိပ်ဆောက်လုပ်ရန် မြေဖို့လုပ်ငန်း ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးနေ ပြီဖြစ်ကြောင်း ယင်းကပြောသည်။
"အဲဒီ မြေနေရာမှာက လေကြောင်းလမ်း အဆင်ပြေမှုရှိတယ်။ မြေဧက ကျယ်တယ်။ လူနေအိမ်တွေနဲ့ ဝေး တယ်။ လေယာဉ်ကွင်း အဖြစ် အသုံးပြုနိုင်တဲ့ မြေအနေ အထား ရှိတယ်။ မိုးလေ၀သအ ရလည်း အဆင်ပြေတယ် စတာတွေကြောင့် ဖြစ်ပါတယ်" ဟု ဦးတင်ထွန်းနိုင်က ရှင်းပြသည်။
အဆိုပါ လေဆိပ် ပြီးစီးပါက ပြည်တွင်းပြည်ပ လေကြောင်းလိုင်းများ
အားလုံး ယင်းလေဆိပ်သို့ ပြောင်းရမည် ဖြစ်ကြောင်း၊ မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အစိုးရ လေကြောင်းလိုင်းနှင့် ကုန်တင်လေယာဉ်များသာ ကျန်မည် ဖြစ်ကြောင်း၊ မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် လာမည်နှစ်ပိုင်းအတွင်း မြေပြင်ဒဏ် ခံနိုင်မှု အားနည်းကာ ဧည့်ဝင်ဆံ့မှု နည်း လာနိုင်ကြောင်း၊ ယင်းအတွက် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
လေဆိပ် တည်ဆောက်နိုင်ရန် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများကို ခေါ်ယူမည် ဖြစ်ကြောင်း၊ လုပ်ငန်း လုပ်ဆောင် လိုသူများ သည် ငွေကြေး အင်အား ၁၀၀ ရာခိုင်နှုန်း တောင့်တင်းခြင်း၊ စက်ကိရိယာ ပြည့်စုံလုံလောက်မှု ရှိခြင်း၊ ကျွမ်းကျင် ပညာရှင်များစွာ ပါဝင် ခြင်း စသော အချက်များနှင့် ပြည့်စုံရမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ လေဆိပ် အပါအ၀င် မြန်မာနိုင်ငံရှိ လေဆိပ်များ အဆင့်မြှင့်တင်မှု ဆောင်ရွက်ရာတွင် အစိုးရတစ်ခု တည်းဖြင့် ဆောင်ရွက်ရန် အားနည်းချက်များ ရှိနေကြောင်း၊ ထို့ကြောင့် ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်စေရန် သက်ဆိုင်ရာ ဌာနများက ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လေဆိပ်စုစုပေါင်း ၆၉ ခု ရှိပြီး လက်ရှိ အသုံးပြုနေသည့် လေဆိပ် ၃၃ ခုရှိကာ အရန်သင့် ထားသည့် လေဆိပ် ၃၆ ခုရှိ ကြောင်း သိရသည်။
---
Photo by ပြည်ချစ်မေ (ရွှေလုံး). All Rights Reserved.
 
အပေါ်သို့!