Searching...

အဓိပတိ မဟာနာယက

မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ကျောင်းတိုက်ကြီး (၃)တိုက်တို့၏
အဓိပတိ မဟာနာယက
ဆရာတော် အရှင်ရာဇဓမ္မာဘိဝံသ-၏
ဘဝပုံရိပ်


...
ဆရာတော်သည် မြန်မာသက္ကရာဇ် ၁၂၉၅-ခု၊ ၀ါဆိုလပြည့်ကျော် ၁၃-ရက်၊ ခရစ်နှစ် ၁၉၃၃-ခု၊ ဇူလိုင် ၁၉ -ရက်နေ့၌ ဖွားမြင်တော်မူသည်။ ညီအကိုမောင်နှမ ငါးယောက်အနက် တတိယမြောက် သားရတနာဖြစ်သည်။ ၁၃၀၈-ခုနှစ်၊ နှောင်းတန်ခူးလတွင် သာမဏေအဖြစ်သို့ ရောက်ရှိသည်။
၁၃၁၅ ခုနှစ်၊ ပထမ၀ါဆိုလဆန်း ၅-ရက်နေ့တွင် ရဟန်းအဖြစ်သို့ ရောက်ရှိသည်။ ဥပဇ္ဈာယ်မှာ ဆရာတော် ဦးကိတ္တိဖြစ်သည်။ အင်တိုင်းရွာ တောင်ကျောင်း ဆရာတော် ဦးရ၀ိန္ဒ၊ ဆရာတော် ဦးကောဝိဒ တို့အထံတွင် သင်ပုန်းကြီးမှ စ၍ စတင်ပညာသင်ခဲ့သည်။
၁၃၁၂-ခုနှစ်၊ နယုန်လမှ စ၍ မုံရွာမြို့ မဟာဇောတိကာရာမ စာသင်တိုက်သို့ ရောက်ရှိခဲ့သည်။ ယင်းတိုက်မှ ပထမငယ် ပထမလတ်တန်းများ အောင်မြင်ခဲ့သည်။ ၁၃၁၄-ခုနှစ်၊ နှောင်းတန်ခူးလဆန်း ၁၂-ရက်နေ့တွင် မန္တလေးမြို့၊ တောင်သမန်တိုက် ပုသိမ်ကျောင်းသို့ ရောက်ရှိပြီး ပညာသင်ယူခဲ့သည်။ ၁၃၁၅-ခုနှစ်၊ နတ်တော်လတွင် မစိုးရိမ်တိုက်ကြီးသို့ ပြောင်းရွှေ့၍ ပညာသင်ခဲ့သည်။ မစိုးရိမ်တိုက်ကြီးမှ ပထမကြီးတန်း၊ စာသင်တန်း၊ အစိုးရစာချတန်း၊ သကျသီဟ စာချတန်းများကို အောင်မြင်သဖြင့် မစိုးရိမ် တိုက်ကြီး၌ ကျောင်းထိုင်နာယက စာချ အဖြစ်သို့ ရောက်ရှိခဲ့သည်။ မစိုးရိမ်တိုက်ကြီး၌ ခြောက်နှစ် တိတိ စာချပြီး ၁၃၂၉-ခု၊ တပို့တွဲလ၌ စိန်းပန်း မစိုးရိမ်တိုက်သစ်သို့ မစိုးရိမ်ဆရာတော်ကြီး၏ အမိန့်အရ ပြောင်းရွှေ့နေထိုင်၍ စာချခဲ့သည်။
ထိုအချိန်က မစိုးရိမ်တိုက်သစ် တတိုက်လုံး စာသင်သား သံဃာ-၆၃ ပါးမျှ သာရှိသည်။ တဖြေးဖြေး သံဃာ တိုးပွါးလာရာ ၁၃၅၀-ခုနှစ်၌ သံဃာတစ်ထောင်ကျော်အထိ တိုးတက်လာသည်။ ယခု အချိန်၌မူ နှစ်စဉ် သံဃာ ၂၅၀၀-၃၀၀၀ ခန့်အထိ တိုးတက်လာသည်။ စိန်းပန်း မစိုးရိမ်တိုက်သစ်၌ သံဃာများလွန်းသဖြင့် ပြည်ကြီးတံခွန် မြို့နယ်၌ မစိုးရိမ်တိုက်သစ် တတိုက် တည်ထောင်ခဲ့ သည်။
ပြည်ကြီးတံခွန် မစိုးရိမ်တိုက်သစ်၌ သံဃာ ၃၀၀-ကျာ်ခန့်အထိ နေထိုင်သီတင်းသုံးလျှက်ရှိသည်။ ယင်းတိုက်သစ်၌် စာသင်သားသံဃာများ တဖြေးဖြေး တိုးတက်လာသော်လည်း သောက်သုံးရေမှာ အဆင်မပြေလှချေ အဆင့်မမှီသည့် ရေကိုပင် လျှပ်စစ်စွမ်းအား နည်းပါးသဖြင့် စာသင်သား သံဃာများ သုံးစွဲလောက်အောင် တင်မပေးနိုင်ပေ။ ထိုကြောင့် ဒေးဝန်းမြို့တော်ဝန် ဦးပေစိဘုရား အနောက်ဖက်၌ မစိုးရိမ်တိုက်သစ် အမှတ် ( ၃) ကို တည်ထောင်ပေးခဲ့သည်။
ယင်းတိုက်၌ စာသင်သားသံဃာ ၁၀၀-ကျော်မျှ သီတင်းသုံး နေထိုင်လျှက်ရှိသည်။ ပြည်ကြီးတံခွန် မစိုးရိမ် တိုက်သစ်၌ ဆရာတော်ဦးရာဇဓမ္မကိုယ်တိုင် နေ့စဉ် စာပေပို့ချ သာသနာပြုလျှက်ရှိသည်။ ယခုအထိ သက်တော် (၇၈) နှစ် ပြည့်ရန် တလခွဲမျှသာ လိုတော့သည်။ ဗမာပြည်ပြန်မရောက်မီ သေချင်လျှင်လည်း
သေပါလိမ့်မည်။ မသေခင် သံဝေဂဉာဏ်ပွါးများ၍ တကာ-တကာမများကိုလည်း သံဝေဂဖြစ်အောင် သံဝေဂ တရားသာ ဟောကြားလေ့ရှိသည်။ ဘွဲ့များ ရရှိသော်လည်း ယင်းဘွဲ့များကို အသုံးပြုလေ့မရှိပါ။ ဘွဲ့ရခြင်းကြောင့် ဆက်ကပ်ထားသည့် ဖရီးပတ်စ် လက်မှတ်များကိုလည်း တကြိမ်တခါမျှ အသုံးမပြုခဲ့ဘူးပါ။
ဤကား မစိုးရိမ်ဆရာတော်-၏ ဘဝပုံရိပ် တစိတ်တဒေသ ဖြစ်ပါသည်။
 
အပေါ်သို့!