၂ဝ၁၂ခုနှစ်၊ သြဂုတ်လ၊ ၂၄ရက်နေ့တွင်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နံနက်(၁ဝးဝဝ)နာရီ အချိန်တွင်
နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌဦးကျော်သူ၊ အတွင်းရေးမှူးဒေါ်ရွှေဇီးကွက်၊
အလုပ်အမှုဆောင် ဦးဖြိုးကိုကိုတို့သည် ရခိုင်ပြည်နယ်စစ်တွေမြို့သို့
သွားရောက်ခဲ့ပြီး စစ်တွေမြို့သို့ကြိုတင်ပြီး ရှေ့ပြေး ရောက်ရှိနေကြသော
နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားများ ဖြစ်ကြသော ဦးကျော်ဝင်း၊
ဦးရောဘတ်အောင်၊ ဦးထွန်းထွန်းဝင်း(ပန်းသီး) နှင့်
နာရေးကူညီမှုအသင်း(စစ်တွေ) အဖွဲ့သားများ ပူးပေါင်းကာ ရခိုင်ပြည်နယ်ရှိ
ဒုက္ခသည် စခန်းများသို့ သွားရောက်ကူညီလှူဒါန်း အားပေးစကားများ
ပြောကြားခဲ့ကြသည်။
မဟာသီဝဘုရားကျောင်း(ဟိန္ဒူ) ကျောင်း ဒုက္ခသည် စခန်းမှာလှူဒါန်းနေစဉ်..
စစ်တွေမြို့သို့ရောက်ရှိသည်နှင့်
စစ်တွေမြို့ဘုရားကြီးသို့ ဦးစွာဝင်ရောက်ဖူးမျှော်ပြီးသည့်နောက် ဓညဝတီ
ဘောလုံးကွင်း ၊ မင်းဂံကွက်သစ်(အမှတ်-၈)၊ ဓညဝတီ ရပ်ကွက်(နာဇီအနီး)၊
ရွှေစေတီကျောင်း၊ ဂစ်ခြေကျောင်း၊ မဟာသီဝဘုရားကျောင်း(ဟိန္ဒူ) ကျောင်းတို့ရှိ
ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ကာ ဒုက္ခသည် အပေါင်းတို့အား ဆန်အိတ်များ
လှူဒါန်းခဲ့ပြီး အားပေးနှစ်သိမ့် မေတ္တာပို့သမှုများကို ပြုလုပ်ပေးခဲ့ကြသည်။
ထိုဒုက္ခသည်စခန်းများတွင် အိမ်ထောင်စုပေါင်း (၄၃၂)စု၊ လူဦးရေပေါင်း
(၁၇၂၈)ဦး ကျော်ခန့်တို့သည် နေရေး၊ စားရေး၊ ကျန်းမာရေး
စသည်တို့နှင့်ကြုံတွေ့နေမှုများကို ရင်နင့်စွာဖြင့် တွေ့ကြုံခဲ့ရသည်။
ယောကျာင်္းဖြစ်သူ အသတ်ခံရ၍ လသားအရွယ် ကလေးငယ်လေးအား ချီပိုးထားသော
မိခင်တစ်ဦး၊ မိဘမဲ့ကလေးငယ်များ၊ သားသမီးမဲ့ မိအိုဖအိုများ၊
အိုးအိမ်မီးလောင်ပျက်ဆီးခဲ့ရသော အခြေအနေမဲ့ဒုက္ခသည်များစသည့်
ဘဝပေါင်းမြောက်များစွာပျက်စီးခဲ့ရသော မိသားစုဝင်များတို့၏ ကြေကွဲ
ဖွယ်ရာဘဝများကို ရင်နင့်စွာဖြင့် တွေ့ကြုံခဲ့ရသည်။
ထိုကဲ့သို့ဘဝပေါင်းများစွာဆုံးရှုံးခဲ့ရသော
ရခိုင်ဒေသရှိဒုက္ခသည် များထဲတွင် မြန်မာ၊ ရခိုင်၊ ဟိန္ဒူ စသည့်
ဗုဒ္ဓဘာသာဝင်များအား လှူဒါန်းကူညီခြင်းနှင့် အားပေးစကားပြောကြားခြင်း
မေတ္တာပို့သပေးခဲ့ခြင်းတို့သည် ဒုက္ခသည်အပေါင်းအားလုံးအတွက်
လောကဓံကိုရင်ဆိုင် နိုင်သည့်အင်အားများပေါ်ပေါက်စေခဲ့သည်။
ထို့ပြင်စစ်တွေမြို့ရှိ ရွှေဂရုနာ အခမဲ့ ဆေးပေးခန်းသို့လည်း သွားရောက်ကာ
အားပေးစကားပြောကြားခဲ့ပြီး ဦကျော်သူ၊ ဒေါ်ရွှေဇီးကွက်တိုမှ အလှူငွေ
(တစ်သိန်းကျပ်)၊ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အလှူငွေ (ခုနှစ်သိန်းကျပ်)၊
အသင်းသား ဖြစ်သူ ဦးကျော်ဝင်းမှ အလှူငွေကျပ်(ငါးသောင်း) တို့ကို
လှူဒါန်းခဲ့သည်။ ထို့နောက် ညနေ ၅နာရီအချိန်တွင်
နာရေးကူညီမှုအသင်း(စစ်တွေ)နှင့်မောင်းတောမြို့၊
အမျိုးသားကူညီစောင့်ရှောက်ရေး ဖောင်ဒေးရှင်း၊
ဒုက္ခသည်ကူညီရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ရခိုင်ပြည်နယ် အတွင်းရှိ
ကူညီစောင့်ရှောက်ရေး ကိစ္စများ၊ လူမှုရေးအသင်းအဖွဲ့များ၏ လုပ်ငန်းစဉ်များ၊
စောင့်ထိန်းရမည့် တာဝန်ဝတ္တရားများနှင့် တာဝန်သိမှု၊ တာဝန်ရှိမှု၊
တာဝန်ယူတတ်မှု စသည့် လူမှုရေးကိစ္စရပ်များအား ပွင့်လင်းစွာဆွေးနွေးပွဲအား
ကျင်းပခဲ့ကြသည်။
ဥက္ကဌဦးကျော်သူသည် ပြည်ပခရီးသို့
သြဂုတ်လ ၂၉ရက်နေ့တွင် ထွက်ခွာ ရတော့မည်ဖြစ်၍၊ ဒေါ်ရွှေဇီးကွက်နှင့်
ဦးဖြိုးကိုကိုတို့နှင့်အတူ ၂၀၁၂ခုနှစ်၊သြဂုတ်လ၊ ၂၅ရက်နေ့ နံနက်တွင်
ရန်ကုန်မြို့သို့ ပြန်လာခဲ့ကြသည်။ ကျန်ရစ်ခဲ့သော
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားများသည် သြဂုတ်လ ၂၆ရက်နေ့ တွင်
ရန်ကုန်မှ သင်္ဘော၊ မော်တော်ကားတို့ဖြင့် ကြိုတင်၍ စစ်တွေမြို့သို့
ပို့ထားသော ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများအား ဘူးသီးတောင်၊
မောင်းတောမြို့များရှိ ဒုက္ခသည်များထံသို့ ဆက်လက်ချီတက်ကာ ကယ်ဆယ်ထောက်ပံ့ရေး
လုပ်ငန်းများကို ပေးဆပ်သွားမည်ဖြစ်ပါသည်။
ရန်ကုန်မြို့သို့
အပြန်ခရီးလမ်းကြောင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ
မီးလောင်လွင်ပြင်များ၊ မိမဲ့ဘမဲ့ ဖြစ်သွားသော ကလေးငယ်များ၊
အိုးအိမ်အဝတ်အထည် ပစ္စည်းဥစ္စာများ ပျက်ဆီးဆုံးရှုံးသွားကြရသော
မိသားစုဝင်များ၏ ပုံရိပ်များသည် ကျွန်တော်တို့အတွက် စိတ်အစဉ်တွင်
မေ့ဖျောက်၍မရနိုင်အောင် စွဲလန်းမိကာ ငြိမ်းချမ်းရေးကို တောင့်တမိပြီး
တစ်ချိန်က ကျွန်တော်ရေးဖွဲ့ထားခဲ့သော “ ကျွန်တော်တို့က လူတွေပါဗျာ ” ဟူသော
ကဗျာ စာပိုဒ်အား မြင်ယောင်မိတော့သည်။
ကျွန်တော်တို့က လူတွေပါဗျာ
တိရိစ္ဆာန်တွေတောင် ကမ္ဘာ့ ရန်သူတွေ ဘယ်လောက်ဘဲဖြစ်ဖြစ်၊
သမိုင်းရဲ့နာကျည်းမှုတွေ ဘယ်လောက်ဘဲကြီးကြီး၊
အာဃာတတွေ ဘယ်လောက်ထားထား၊
အမုန်းတရားတွေ ဘယ်လောက်ဘဲရှိရှိ၊
ဗြဟ္မစိုရ်တရားရှိမှ မြင်တွေ့ရတဲ့ မြင်ကွင်းလေးတွေက ငြိမ်းချမ်းမှုကိုရစေတယ်လေ။
သူတို့က တိရစ္ဆာန်တွေပါ။ အခု … ကျွန်တော်တို့က လူတွေပါဗျာ။
ဒါကြောင့် . . . လူဆိုတာ ဗြဟ္မစိုရ်တရားလေးပါးလက်ကိုင်ထားမှ ငြိမ်းချမ်းရေးကိုရမယ်။
ငြိမ်းချမ်းရေးကိုရမှ တိုင်းပြည်အေးချမ်းမယ်။
တိုင်းပြည်အေးချမ်းမှ မြို့နယ်အေးချမ်းမယ်။
မြို့နယ်အေးချမ်းမှ ရပ်ကွက်အေးချမ်းမယ်။
ရပ်ကွက်အေးချမ်းမှ မိသားစုအေးချမ်းမယ်။
မိသားစုအေးချမ်းမှ မိမိကိုယ်တိုင်အေးချမ်းမယ်။
ကျွန်တော်တို့က လူတွေပါဗျာ . . . . ။ ။
(ကျော်သူ)