Friday 14th September 2012
ပြည်တွင်းရှိ ၀န်ကြီးဌာန ၅ ခုမှ ပြည်ပဘဏ်တွေ ကနေ ငွေကြေး ချေးယူကာ ဆောင်ရွက်ဆဲ လုပ်ငန်းတွေကို အဆုံးသတ် လုပ်ဆောင်ဖို့ ရှိပြီး
အဲ့ဒီလို လုပ်ဆောင်ဖို့အတွက် ငွေချေးယူရာ မှာတော့ မြန်မာကျပ် ဘီလီယံပေါင်း လေးသောင်း နှစ်ထောင့် တစ်ရာကျော် ချေးယူ သွားမှာ ဖြစ်တယ်လို့ သက်ဆိုင်ရာ ၀န်ကြီးဌာန တွေရဲ့ သတင်း ထုတ်ပြန်ချက်
အရ သိရပါတယ်။
အဲ့ဒီလို ချေးယူရာ မှာတော့ တရုတ်နိုင်ငံရှိ Exim Bank of China မှ ရီမင်ဘီ ၃၀ ဘီလီယံ၊ China Development Bank မှ အမေရိကန် ဒေါ်လာသန်း ၅၀၀ ၊ အိန္ဒိယနိုင်ငံရှိ Exim Bank of India မှ အမေရိကန် ဒေါ်လာသန်း ၅၀၀ နဲ့ ဂျပန်နိုင်ငံ ODA မှ ယန်း ၁၀ ဘီလီယံကို ချေးယူ သုံးစွဲမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ပြည်ပ ဘဏ်များမှ ချေးငွေ ရယူ သုံးစွဲမယ့် ၀န်ကြီးဌာနတွေ ကတော့ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန၊ ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ၀န်ကြီး ဌာန၊ လျှပ်စစ်စွမ်းအား ၀န်ကြီး ဌာနနဲ့ စွမ်းအင်ဝန်ကြီး ဌာနတို့ ဖြစ်ပြီး အဆိုပါ ၀န်ကြီးဌာန တွေရဲ့ တည်ဆောက်ဆဲ စီမံကိန်း လုပ်ငန်းများ အပြီးသတ် ဆောင်ရွက်ဖို့ အတွက် ဖြစ်ပါတယ်။
အဲ့ဒီလို ပြည်ပနိုင်ငံများရှိ ဘဏ်များမှ ချေးယူသွားမယ့် ငွေများကို မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း တာယာစက်ရုံသစ် စီမံကိန်း၊ ရတနာ-ရန်ကုန် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း၊ မိုနဲ့ဒိုင် ထုတ်လုပ်မှု စက်ရုံစီမံကိန်း အစရှိတဲ့ စီမံကိန်းတွေ အပါအ၀င် သက်ဆိုင်ရာ ၀န်ကြီးဌာန များရဲ့ တည်ဆောက်ဆဲ လုပ်ငန်း စီမံကိန်းတွေ အားလုံးမှာ အသုံးပြု ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။