WRITTEN BY မီးမောင်
SATURDAY, 15 SEPTEMBER 2012 11:08
လတ်တလောတွင် ဖြစ်ပွားနေသည့် မွတ်စလင်နိုင်ငံများတွင် အမေရိကန်နှင့် အခြား
အနောက်တိုင်း အဖွဲ့အစည်းများကို ဆန့်ကျင် ဆန္ဒပြသော အဓိကရုဏ်းများအား အဓိက
မီးထိုးပေးခဲ့သော “Innocence of Muslims” အမည်ရှိ အစ္စလမ် ဘာသာ ဆန့်ကျင်ရေး
ဇာတ်ကားအား ရိုက်ကူးထုတ်လုပ်သူဟု ယူဆရသည့် ကယ်လီဖိုးရီးယားပြည်နယ်သား
တစ်ဦးကို အမေရိကန် အရာရှိများက စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု CNN
သတင်းတွင် ဖော်ပြထားသည်။
ယင်းအချိန်တွင် အဆိုပါ ဇာတ်ကားအား ဆန့်ကျင် ကန့်ကွက်သည့် ဆန္ဒပြမှုများသည် သြစတြေးလျနိုင်ငံထိတိုင် ရိုက်ခတ်လာခဲ့ပြီး ဆစ်ဒနီမြို့တွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူ လူရာပေါင်းများစွာတို့ ထိပ်တိုက်တွေ့ခဲ့ကြကြောင်း သိရသည်။
အမေရိကန် နိုင်ငံတွင်တော့ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး အရာရှိများသည် အဆိုပါ အစ္စလာမ်ဆန့်ကျင်ရေး ဇာတ်ကား ရိုက်ကူး ထုတ်လုပ်သူဟု ယူဆသည့် Nakoula Basseley Nakoula အား စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ လော့စ် အိန်ဂျလိစ် စီရင်စု ငြိမ်ဝပ်ပိပြားရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက Nakoula သည် စစ်ဆေးမေးမြန်းမှု ခံယူပြီးနောက် ဒေသခံ ငြိမ်ဝပ် ပိပြားရေးရုံးမှ ထွက်ခွာသွားခဲ့ကြောင်း ပြောကြားခဲ့သည်။
Nakoula ကို ပြန်လွှတ်ပေးလိုက်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့ပြီး ၎င်းအား ဖမ်းဆီးထားခဲ့သည်ဆိုသည့် စကားကို မဟုတ်ကြောင်း ငြင်းပယ်ခဲ့သည်။ သို့သော်လည်း ၎င်း၏ ခံဝန်ချုပ်ကို သုံးသပ်ဆဲ ဖြစ်ပြီး Nakoula သည် ၂၀၀၉ ခုနှစ်အတွင်းက ဘဏ်တွင် လိမ်လည်မှုတစ်ခု ကျူးလွန်ခဲ့ဖူးသူ ဖြစ်ကြောင်း သိရသည်။
ယခုအခါ ယင်းဇာတ်ကားအား ကန့်ကွက် ဆန္ဒပြမှုများမှာ မြောက်အာဖရိက နိုင်ငံများမှသည် တောင်အာရှနှင့် အင်ဒိုနီးရှား နိုင်ငံများအထိ ပျံ့နှံ့ရောက်ရှိနေပြီ ဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အဆိုအရ ကမ္ဘာအဝှမ်းရှိ အမေရိကန် သံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံး ၆၅ ရုံးကို အကြမ်းဖက်မှု အန္တရာယ်အား သတိရှိကြရန် အရေးပေါ် အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကလည်း ကမ္ဘာတဝှမ်းရှိ သံရုံးများအား တိုက်ခိုက်ခံရမှုအပေါ် အထူးပင် စိုးရိမ်မိကြောင်း ထုတ်ဖော် ကြေငြာခဲ့ပြီး ကန့်ကွက် ဆန္ဒပြသူများအားလည်း ကိုယ်တိုင်က တရားမျှတမှု အစစ်အမှန်ကို လိုချင်စိတ် မရှိလျှင် တရားမျှတအောင် မည်သို့မျှ ဆောင်ရွက်၍ မရနိုင်ကြောင်း တိုက်တွန်းထားသည်။