ပြည်တွင်းသတင်း — စက်တင်ဘာလ ၁၁၊ ၂၀၁၂
မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မုံရွာကြေးနီ သတ္တုတွင်းတွင် ဒေသခံ ပြည်သူ ထောင်ပေါင်း များစွာတို့က တုတ်၊ ဓား၊ လက်နက် များကိုင်ဆောင်ကာ သတ္တုတွင်းရှိရာသို့ စက်တင်ဘာ ၆ ရက်က စုရုံး ရောက်ရှိလာပြီး လုံခြုံရေးတပ်ဖွဲ့ များနှင့် ထိပ်တိုက်ရင်ဆိုင် ဆန္ဒြ
ပခဲ့ကြသည်။
အဆိုပါဖြစ်စဉ် မတိုင်ခင်တစ်ရက်ကလည်း တရုတ်ကုမ္ပဏီ၏ ဒေါ်လာသန်းတစ်ထောင် တန်ဖိုးရှိ စီမံကိန်း ချဲ့ထွင်မှု အတွက် မြေဧက ထောင်ပေါင်းများစွာကို တရားမဝင် သိမ်းယူခဲ့သည်ဟုဆိုကာ ဒေသခံ ကျေးလက် ပြည်သူ ငါးထောင်ခန့်တို့က ဆန့်ကျင်ဆန္ဒပြမှု ဖြစ်ပွားခဲ့သေးသည်။
တရုတ်ကုမ္ပဏီကို ကျောထောက် နောက်ခံပြုသော မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်က ဆယ်စုနှစ်နှင့် ချီ၍ ပြဿနာ တစ်စုံတစ်ရာ မပေါ်ပေါက်ဘဲ လုပ်ငန်းများ လုပ်ကိုင်ခဲ့သည် ဖြစ်သော်လည်း နိုင်ငံတော်၏ ပြုပြင် ပြောင်းလဲမှုများကြောင့် တအားတက်လာသည့် ကျေးလက်ပြည်သူတို့က လူထုဆန္ဒပြမှုများအပေါ် ပျော့ပျောင်းစွာ ကိုင်တွယ်စေသည့် ဥပဒေများ အပါအဝင် ဖြစ်သော တစ်ခေတ်ဆန်းစ လွတ်လပ်မှုများကို အားစမ်းကာ ရင်ဆိုင် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။
ဤဖြစ်ရပ်သည် တရုတ်နိုင်ငံ၏ လက်နက်ထုတ်လုပ်ရေး ဦးဆောင်ကုမ္ပဏီ တစ်ခုဖြစ်သော China North Industries Corp ၏ ကုမ္ပဏီခွဲ တစ်ရပ်က တာဝန်ခံ ဆောင်ရွက်နေသည့် သတ္တုတွင်း လုပ်ငန်းကို ရပ်တန့်စေ ခဲ့သည်။ ထိုတရုတ်ကုမ္ပဏီ သည် မြန်မာနိုင်ငံ အစိုးရနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် ၂ဝ၁ဝ ခုနှစ်၊ ဇွန်လအတွင်းက လုပ်ငန်း သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ ယခင်ကမူ ကနေဒါ နိုင်ငံမှ Ivanboe Mines Ltd. က မုံရွာ ကြေးနီသတ္တုတွင်းကို တာဝန်ခံ လုပ်ကိုင်ခဲ့ပြီး ၂ဝဝ၇ ခုနှစ်တွင် ပြန်လည် ရုပ်သိမ်း သွားခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူ ဦးဝင်းချိုက အဆိုပါ မုံရွာကြေးနီ သတ္တုတွင်းဆန္ဒပြမှု ဦးဆောင်သူ တစ်ဦးကို၊ အာဏာပိုင်တို့က ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ကျန်ဦးဆောင်သူ ခုနစ်ဦးကိုလည်း ဒေသခံ ကျေးရွာများ အတွင်း လိုက်လံ ရှာဖွေလျက် ရှိကြောင်း ပြောကြားခဲ့သည်။ ထိုရွာများသည် ရန်ကုန်မြို့ မြောက်ဘက် ၇၅ဝ ကီလိုမီတာခန့် အကွာတွင် တည်ရှိသည်။
နော်ဝေနိုင်ငံ အခြေစိုက် Democratic Voice of Burma ရုပ်/သံ သတင်းဌာနက စက်တင်ဘာ ၆ ရက်က ထုတ်လွှင့် ပြသ ခဲ့သော ဗီဒီယိုသတင်း တစ်ရပ်၌ ရိုင်ဖယ်သေနတ်များ ကိုင်ဆောင်ထားသည့် လုံခြုံရေး တပ်ဖွဲ့ဝင်အချို့နှင့် ဒေါသ အမျက် ခြောင်းခြောင်း ထွက်နေသော ဒေသခံ ကျေးလက်ပြည်သူတို့ အငြင်းပွား နယ်မြေတွင် ရင်ဆိုင်တွေ့ခဲ့ကြပုံ ကို မြင်ကြ ရသည်။ လုံခြုံရေး တပ်ဖွဲ့ဝင်တို့က ယင်းတို့၏ ဒိုင်းများကို နံပါတ်တုတ်ဖြင့် တစ်ဒိုင်းဒိုင်း ရိုက်ကာ ငြာသံ ပေး၍ ဆန္ဒပြ ကျေးလက်ပြည်သူတို့ထံ ရှေ့တိုး ချီတက်ခဲ့ပုံကိုလည်း မြင်တွေ့ရသည်။
လုံခြုံရေး အရာရှိနှစ်ဦးတို့က လက်နက်ခဲယမ်း သေတ္တာဖြစ်ဖွယ်ရှိသည့် သေတ္တာတစ်လုံးကို သယ်ဆောင်သွားသည် ကို မြင်ရသော်လည်း အကြမ်းဖက်မှု တစ်စုံတစ်ရာ မဖြစ်ပွားခဲ့ပေ။ ဆန္ဒပြသူတို့က “ဤမြေသည် ကျေးရွာပိုင်မြေ ဖြစ်သည်။ ဖြတ်သန်း သွားလာခြင်း မပြုရ”ဟု ရေးသားထားသော စာတမ်း များကို ကိုင်ဆောင် ထားကြသည်။ အချို့ကလည်း သတ္တုတွင်း ကုမ္ပဏီအမည်ပါ စက္ကူအခေါင်းပုံတူအား မီးရှို့ဆန္ဒပြကြသည်။
အဆိုပါ ဆန္ဒပြမှုကြောင့် တစ်နှစ် ထုတ်လုပ်မှု တန်ချိန် ၃ဝဝဝဝ မှ ၁ဝဝဝဝဝ အထိ တိုးမြှင့်ရေး အစီအစဉ်များ နှောင့်နှေး ခဲ့ရသည်ဟု မြန်မာတိုင်းမ် သတင်းစာစောင်က ဆိုသည်။ လန်ဒန်အခြေစိုက် Deutsche Bank မှ လေ့လာဆန်းစစ်သူ Daniel Brebner က ထုတ်ကုန် အများစုသည် တရုတ်နိုင်ငံသို့သာ သွားမည်ဖြစ်ကြောင်း၊ တန်သုံးသောင်းမှ တစ်သိန်းအထိ တိုးမြှင့် ထုတ်လုပ်ခြင်းသည် အရေအတွက် အလွန်များသည် မဟုတ်ကြောင်း၊ သို့ဖြစ်ရာ ကမ္ဘာ့ကြေးနီ ဈေးကွက်ကို လှုပ်ရှား မသွားစေနိုင်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် လက်ရှိ အနေအထားအားဖြင့် အရေးပါသော သယံဇာတ ထုတ်လုပ်ရောင်းချသည့် နိုင်ငံ မဖြစ်သေး သော်လည်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု များကို ဖော်ရွေစွာ လက်ကမ်းလျက် ရှိသည်ဖြစ်ရာ အရေးပါသည့် နိုင်ငံ တစ်ရပ် ဖြစ်လာရန် အလားအလာကောင်း အမြောက်အမြား အသေအချာရှိနေ သည်ဖြစ်ကြောင်းလည်း Brebner က ပြောကြားခဲ့သည်။
သို့ရာတွင် အရပ်သားအစိုးရ လက်ထက်ပင်ဖြစ်လင့်ကစား မုံရွာဆန္ဒပြ ဖြစ်စဉ်မျိုးက အဆိုပါ အလားအလာ တို့ကို ယုတ်လျော့စေသည်။ လယ်မြေဧက ၇၈ဝဝ ခန့်ကို ကြေးနီတွင်း စီမံကိန်းအတွက် တရားမဝင် သိမ်းယူ ခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။ သိမ်းခံရသည့် ဧရိယာအတွင်း တောင်ငယ် နှစ်ဒါဇင်ကျော် ပါဝင်ခဲ့သည် ဟုလည်း ဆိုသည်။ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း နိုင်ငံတစ်လွှား ပေါ်ပေါက်ခဲ့သော လယ်သမားတို့၏ ဆန္ဒပြုမှုများကို ပဲ့တင်ရိုက်ခတ်ခြင်းလည်း ဖြစ်သည်။
Reuters သတင်းဌာနက ဆက်သွယ်ရရှိသော ဒေသခံ သတင်းရပ်ကွက်တို့၏ အဆိုအရ စီမံကိန်း ဧရိယာ အတွင်း ကျရောက်သော ရွာပေါင်း ၂၆ ရွာအနက် ကျေးရွာလေးရွာမှာ ဘုန်းတော်ကြီး ကျောင်းနှင့် စာသင်ကျောင်း များကိုပါ ရွှေ့ပြောင်းခဲ့ရပြီး ဖြစ်ကြောင်း သိရှိရသည်။
ဦးဝင်းချိုကမူ အခြေအနေ တင်းမာလျက် ရှိကြောင်း ကုမ္ပဏီက လုံလောက်သည့် နစ်နာကြေးများ ပေးအပ်ခြင်း မရှိသလို အာဏာပိုင်တို့က ဆန္ဒပြသူတို့ကို ရှာဖွေဖမ်းဆီးလျက် ရှိကြောင်း ပြောကြားခဲ့သည်။
မုံရွာကြေးနီ သတ္တုတွင်းကို တာဝန်ခံ ဆောင်ရွက်နေသော Myanmar Wanbao Mining Copper Company Limited ကိုမူ ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပေ။