Searching...

ဘေလီတံတားအသစ်ဖြစ်သော ငမိုးရိပ်တံတား(ပါရမီ)ကို စတင် အသုံးပြုခွင့်ပေး


SATURDAY, 15 SEPTEMBER 2012 20:41

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တို့ကို ဆက်သွယ်ပေးထားသည့် ဘေလီတံတားအသစ်ဖြစ်သော ငမိုးရိပ်တံတား(ပါရမီ)ကို စက်တင်ဘာလ ၁၂ ရက်နေ့မှစတင်၍ အသုံးပြုခွင့်ပေးခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့် တံတားဌာနမှ သိရသည်။


လက်ရှိအသုံးပြုနေသော ဘေလီတံတားအဟောင်းမှာ ကျဉ်းမြောင်းနေပြီး တံတားတစ်စင်းတည်းနှင့် ဖြတ်သန်းမည့် ယာဉ်အရေအတွက် မလုံလောက်ဘဲ ယာဉ်ကြောပိတ်ဆို့မှုများ ရှိနေခြင်းကြောင့် ငမိုးရိပ်တံတား(ပါရမီ)ကို ထပ်မံ တည်ဆောက်ရခြင်းဖြစ်ကြောင်း သိရသည်။

''အမှန်တော့ တံတားရဲ့ သွားလမ်းတွေကို ကတ္တရာကွန်ကရစ်ထပ်ခင်းနေတာ အချို့နေရာတွေ ကျန်နေသေးတယ်။ ဒါပေမယ့်တံတားကို စတင် အသုံးပြုခွင့်ပေးလိုက်တယ်။ တံတားဖွင့်ပွဲကိုတော့ နောက်အဆင်ပြေတဲ့ရက်မှာ လုပ်သွားမှာဖြစ်ပါ တယ်''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့်တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ငမိုးရိပ်တံတား(ပါရမီ)ကို ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် ပန္နက်တင်အခမ်းအနားပြုလုပ်ကာ ၂၀၁၀ ပြည့်နှစ် အောက်တို ဘာလ ၈ ရက်နေ့မှစ၍ ဆောက်လုပ်ခဲ့ ခြင်းဖြစ်ပြီး တံတားမှာ အရှည်ပေ ၆၀၀၊ ယာဉ်သွားလမ်းအကျယ် ၂၈ ပေနှင့် လူသွားလမ်းအကျယ်မှာ တစ်ဖက်လျင်ခြောက်ပေ အကျယ်အ၀န်းရှိကြောင်း သိရသည်။

တံတားအားယခင်က ဇူလိုင်လကုန်တွင် အပြီးသတ်တည်ဆောက်ရန် မျှော်မှန်းခဲ့သော်လည်း မပြီးစီးခဲ့ကြောင်း၊ တံတားသစ်အားဒဂုံမြို့သစ်မြောက်ပိုင်းမှ တောင်ဥက္ကလာပသို့ အ၀င်အဖြစ်လည်းကောင်း၊ တံတားအဟောင်းကိုမူ တောင်ဥက္ကလာပ မြို့နယ်မှ ဒဂုံမြို့သစ်မြောက်ပိုင်းဘက်သို့ အ၀င်အဖြစ်လည်းကောင်း အသုံးပြုလျက်ရှိသည်ဟု သိရသည်။
 
အပေါ်သို့!