Searching...

အရင်က ရိုက်ခွင့်မရတဲ့ ဇာတ်လမ်းတွေကို ရိုက်ဖြစ်အောင် ကြိုးစားနေပါတယ် ဆိုတဲ့ ခန့်စည်သူ




သရုပ်ဆောင် ခန့်စည်သူကို တွေ့ဆုံခိုက် လတ်တလော အနုပညာ လှုပ်ရှားမှုတွေကို မေးကြည့်ရာ “ခုကားက ဒါရိုက်တာ ချပေးတဲ့အတိုင်း ရိုက်ရတာပါ။ ပရိသတ်က ရယ်ရတယ်။ သဘောကျတယ်ဆို အပင်ပန်းခံရကျိုး နပ်ပါတယ်။ အဓိကကတော့ ပရိသတ်အတွက်ပါ။ အခုနောက်ပိုင်းကတော့ အရင်က ရိုက်ခွင့်မရခဲ့တဲ့ ဇာတ်လမ်းတွေကို ရိုက်ဖို့ စဉ်းစားထားပါတယ်။ ရိုက်ဖြစ်အောင်လည်း ကြိုးစားနေပါတယ်။ အဓိက ပြောရမယ်ဆိုရင် သူတာဝန်ယူထားတာနဲ့ သူ့စိတ်ဓာတ်တွေ တလွဲ ဖြစ်ချင်ဖြစ်နေမယ်။ ထားပါတော့ ရဲက လုပ်ချင်တာ လုပ်နေမယ်။ ဒါပေမယ့် ဒါဟာ ကွယ်ရာမှာ လုပ်မယ်။ ရဲဆိုတာက သမာသမတ် ရှိတယ်။ စောင့်ရှောက်ပေးတယ်။ ထိန်းသိမ်းပေးတဲ့ အနေအထား ရှိပေမယ့် ကိုယ်ကိုယ်တိုင်ကလည်း တစ်ခါတလေ ယိမ်းယိုင်နေတဲ့ အနေအထားဆိုတာ ရှိမှာပဲ။ အဲလိုပေါ့ မတူတဲ့ ကာရိုက်တာတွေ သရုပ်ဆောင်ဖို့ ရှိပါတယ်။ ဝယ်ထားတဲ့ ဇာတ်တွေလည်း ရှိပါတယ်။ ဟိုတလောက ထွက်ထားတဲ့ ဆရာဖေမြင့်ရဲ့ အဆိပ်လူ ဝယ်ထားတယ်။ ကိုယ်ဝယ်ထားတဲ့ ဇာတ်ကို စိတ်ကြိုက် လုပ်ခွင့်ရှိလားဆိုတော့ ဒါက ဇာတ်ကို သစ္စာဖောက်လို့ မရဘူး။ သိပ်ခေတ်ကာလနဲ့ မလျော်ညီလို့ ပြုပြင်ပြောင်းလဲတာက လွဲရင်ပေါ့။ ကျန်တဲ့ အပိုင်းတွေကတော့ မူရင်းဇာတ်ကို ပျက်အောင် မလုပ်ပါဘူး။ ဆရာမကြီး မစန္ဒာရဲ့ ဝတ္ထုကို ရိုက်ထားတာလည်း ရှိပါတယ်။ ဆရာမကြီးရဲ့ ဝတ္ထုက အရမ်း အောင်မြင်ခဲ့တယ်။ ထင်ပေါ် ကျော်ကြားခဲ့တယ်ဆိုတော့ ဇာတ်ရဲ့ ပုံစံ မပျက်အောင် လုပ်ရပါတယ်။ မူလကျောရိုး မပျက်အောင်လည်း တော်တော်လေး ထိန်းထိန်းသိမ်းသိမ်း လုပ်ခဲ့ရပါတယ်။ ဆရာမကြီးကလည်း တွေ့တုန်းမှာ ဇာတ်ရဲ့ ကျောရိုးလေး မပျက်ပါစေနဲ့လို့ မှာပါတယ်။ နာမည်ကြီး စာရေးဆရာတွေရဲ့ ဝတ္ထုကို ရိုက်မှ တာဝန်ကြီးတာ မဟုတ်ပါဘူး။ ဘယ်ဟာပဲရိုက်ရိုက် တာဝန်ကြီးပါတယ်။ ဇာတ်တစ်ပုဒ်က ရိုက်ပြီဆိုကတည်း ကစာရေးဆရာ နာမည်ကြီးခြင်း၊ မကြီးခြင်းက ကိုယ့်အတွက် အရေးမကြီးပါဘူး။ အရေးကြီးတာက သူ့ရဲ့ အနုပညာ စွမ်းအားပါပဲ။ အနုပညာကျောရိုး မပျက်အောင်၊ ဇာတ်လမ်းကျောရိုး မပျက်အောင် တာဝန်ကြီးနဲ့ လုပ်သွားရမှာပါ” လို့ပြောပြထားပါတယ်။
 
အပေါ်သို့!