Searching...

ငါးနှစ်တာကာလအတွင်း ရန်ကုန်မြို့ စက်မှုဇုန်များရှိ စက်ရုံပေါင်း ၁၆၅ ရုံမှ ထွက်ရှိသော ရေဆိုးများအား နမူနာယူစစ်ဆေးခဲ့ရာ ရေဆိုးသန့်စင်မှု ပြုလုပ်ရန်လိုအပ်သည့် စက်ရုံ ၁၃ ခုသာ တွေ့ရှိခဲ့ဟု မြို့တော်ဝန်ကပြောကြား

TUESDAY, 02 OCTOBER 2012 11:16
...လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံတစ်ခုမှ စွန့်ပစ်ရေများကို လှိုင်မြစ်အတွင်းသို့ စွန်ပစ်နေမှုအား ပြီးခဲ့သည့် နှစ်အတွင်းက တွေ့ရစဉ် ငါးနှစ်တာကာလအတွင်း ရန်ကုန်မြို့ရှိ စက်မှုဇုန်များရှိ စက်ရုံပေါင်း ၁၆၅ ရုံမှ ထွက်ရှိသော စွန့်ပစ်ရေဆိုးများအား နမူနာယူစစ်ဆေးခဲ့ရာ ရေဆိုးသန့်စင်မှုပြုလုပ်ပြီးမှ စွန့်ပစ်ရန်လိုအပ်သည့် စက်ရုံအရေအတွက် ၁၃ ရုံသာ တွေ့ရှိခဲ့ကြောင်း စက်တင်ဘာလ ၂၈ ရက်နေ့ ကျင်းပခဲ့သည့် ပထမအကြိမ်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ရန်ကုန်မြို့တော်ဝန်ဦးလှမြင့်က ပြောကြားခဲ့သည်။ ယင်းနေ့တွင် ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ဒေါ်ကြည်ကြည်မာက စက်ရုံအလုပ်ရုံများ၏ စည်းကမ်းမဲ့အမှိုက် စွန့်ပစ်နေများအား ထိရောက်စွာဆောင်ရွက်ရန် အစီအစဉ်ရှိမရှိ မေးမြန်းချက်အား ရန်ကုန်မြို့တော်ဝန်ဦးလှမြင့်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ စက်ရုံများအား စစ်ဆေးခဲ့ရာတွင် ၂၀၀၇-၂၀၀၈ ခုနှစ်က ၃၇ ရုံ၊ ၂၀၀၈-၂၀၀၉ ခုနှစ်က ၉ ရုံ၊ ၂၀၀၉-၂၀၁၀ ခုနှစ်က
၂၆ ရုံ၊ ၂၀၁၀-၂၀၁၁ ခုနှစ်က ၉ ရုံ၊ ၂၀၁၁-၂၀၁၂ ခုနှစ်က ၈၃ ရုံတို့၏ စွန့်ပစ်ရေနမူနာများကိုယူ၍ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ "ပတ်ဝန်းကျင်ရှိ မြေထု၊ ရေထု၊ လေထုညစ်ညမ်းမှု ဖြစ်စေနိုင်သော စွန့်ပစ်ပစ္စည်းပါဝင်မှုများကို စက်မှုဇုန်အလိုက် ကွင်းဆင်းစစ်ဆေးခြင်း၊ နမူနာရယူခြင်း၊ ဓာတ်ခွဲစမ်းသပ်ခြင်း၊ လိုအပ်သောရေဆိုး သန့်စင်မှုစနစ်ပုံစံများကို ရေးဆွဲပေးခြင်းများ၊ လိုက်နာဆောင်ရွက်ခြင်း ရှိမရှိကို ထပ်မံစစ်ဆေးခြင်းကို ပြုလုပ်ခဲ့ပါတယ်။ လုပ်ငန်းခွင် ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသော သတ်မှတ်ထားသော စံနှုန်းများနဲ့ တိုင်းတာစစ်ဆေးခဲ့ရာမှာ စက်ရုံပေါင်း ၁၆၅ ရုံအနက် စံနှုန်းမ၀င်သော စက်ရုံ ၁၃ ရုံ တွေ့ရှိခဲ့ပါ တယ်။ အဲဒီစက်ရုံ ၁၃ ခုကိုလိုအပ်တဲ့ စံနှုန်းပေါ်မူတည်ပြီး ဘက်တီးရီးယားပိုး မွေးမြူရေးသန့်စင်ခြင်း နည်းစနစ်၊ ရုပ်ဂုဏ်သတ္တိဆိုင်ရာ သန့်စင်ခြင်းနည်းစနစ်တို့ကို ပြုလုပ်စေခဲ့ပါတယ်" ဟု ရန်ကုန်မြို့တော်ဝန်ဦးလှမြင့်က ပြန်လည်ဖြေကြားခဲ့သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း လည်ပတ်ဆောင်ရွက်နေသော စက်ရုံစုစုပေါင်း ၃၅၆၂ ရုံရှိကြောင်း၊ ယင်းအထဲတွင် အရက်ချက်စက်ရုံ၊ ဆေးဆိုးပန်းရိုက် စက်ရုံ၊ အအေးခန်းစက်ရုံများပါဝင်ကြောင်း၊ ယင်းစက်ရုံများမှ ထွက်ရှိသော စွန့်ပစ်ရေဆိုးများမှာ ရေထုကို ညစ်ညမ်းစေနိုင်ကြောင်း သိရသည်။ ရန်ကုန်မြို့ရှိ မြစ်ချောင်းများနံဘေးတွင် တည်ဆောက်ထားသော စက်ရုံများမှ စွန့်ပစ်ရေဆိုးများ မြစ်ချောင်းများအတွင်းသို့ ရောက်ရှိခြင်းကြောင့် မြစ်ချောင်းများ၏ ရေထုညစ်ညမ်းမှုပမာဏ မြင့်တက်နေကြောင်း လက်တွေ့တိုင်းတာစစ်ဆေးခဲ့သူ အင်ဂျင်နီယာတစ်ဦးက ပြောပြခဲ့သည်။
 
အပေါ်သို့!