Searching...

လှည်းတန်းစင်တာကို ကန့်ကွက်သူများပေါ်လာ

 


 


ရန်ကုန်၊ ဧပြီ-၆

တည်ဆောက်ပြီးစီးနေပြီဖြစ်သော လှည်းတန်းစင်တာ ဖွင့်လှစ်ရန်ကိစ္စနှင့် ပတ်သက်၍ အငြင်းပွားနေကြောင်း သတင်းရရှိသည်။

နိုင်ငံတော်အကြီးအကဲများ၏ တိုက်တွန်းမှုဖြင့် ၂၀၀၃ ခုနှစ် ဇန်န၀ါရီလတွင် ကမာရွတ်မြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ ထိုစဉ်က ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက လှည်းတန်းလမ်းဆုံအား Land Mark အဆောက်အအုံများ ဆောက်လုပ်ရန်ညွှန်ကြားသဖြင့် ၂၀၀၃ ခုနှစ် မတ်လ ၃၁ ရက် နောက်ဆုံးထား၍ မိမိတို့နေထိုင်သော အိမ်များမှ ဖယ်ရှားပေးခဲ့ရကြောင်း ဘိုးဘွားမြေပိုင်ရှင်တစ်ဦးဖြစ်သူဟုဆိုသော ဒေါ်ချိုချိုမာကပြောသည်။

“အဲဒီတုန်းက ကျွန်မတို့တွေကို တစ်လတောင် အချိန်မပေးဘဲ ဖယ်ခိုင်းတယ်။ ၂၈ ထပ် ဆောက်မယ်ပြောတယ်။ သုံးနှစ်အတွင်းပြီးမယ် ပြောတယ်။ မြေပိုင်ရှင်တွေကို ရှစ်ဆယ်ရာခိုင်နှုန်း ပေးမယ်ပြောတယ်။ ဒီနေရာမှာ နေတဲ့သူတွေအတွက် ထိုက်ထိုက်တန်တန် ပြန်ပေးမယ်။ မြေတန်ဖိုးကိုလည်း ကာလပေါက်ဈေးအတိုင်း တွက်ချက်ပြီး ဈေးသင့်ပေးမယ်။ ကန်ထရိုက်အနေနဲ့ ရှုံးရင်ရှုံးပါစေ”ဟု ထိုစဉ်က စစ်တိုင်းမှူးက ကတိပေးခဲ့ကြောင်း ဘိုးဘွားမြေပိုင်ရှင်တစ်ဦးဖြစ်သည်ဟုဆိုသော ဒေါ်မင်းမင်းစောကပြောသည်။

အဆိုပါမြေနေရာတွင် ၂၈ ထပ် တည်ဆောက်ရန် စီစဉ်ထားသော်လည်း အမှန်တကယ် တည်ဆောက်ပြီးစီးသောအခါ ရှစ်ထပ်ဖြစ်နေသောကြောင့် မြေပိုင်ရှင်များ ခွဲဝေရရှိမည့် အခန်းများ လျော့နည်းလာနိုင်ခြင်းနှင့် သုံးနှစ်အကြာတွင် အဆောက်အအုံပြီးစီးမည်ဆိုသော်လည်း ၁၀ နှစ်အထိ ကြာသွားခြင်းတို့ကြောင့် ၎င်းတို့အားလုံးက မကျေမနပ်ဖြစ်နေကြခြင်းဖြစ်သည်။

အဆိုပါမြေနေရာသည် ၁ ဒသမ ၅၂၂ ဧက ကျယ်ဝန်းပြီး အဆောက်အအုံ ၃၄ လုံးပေါ်တွင် မြေပိုင်ရှင် ၂၃ ဦးမှ အိမ်ထောင်စု ၆၈ စု နေထိုင်သော ဘိုးဘွားပိုင်မြေဖြစ်ကြောင်း မြေပိုင်ရှင်ဟုဆိုသူများက ပြောသည်။

ထို့အပြင် မြေကွက်အကျယ် ၀ ဒသမ ၅၆၇ ဧကရှိသည့် မြေကွက်အမှတ် 3C ကို ပိုင်ဆိုင်သည်ဆိုသော ဒေါ်ချိုချိုမာနှင့် မြေကွက်အကျယ် ၀ ဒသမ ၉၅၅ ဧကရှိသော မြေကွက်အမှတ် 3D ပိုင်ဆိုင်သူ မြေပိုင်ရှင် ၂၃ ဦးက ၎င်းတို့မိသားစုအားလုံးကို တစ်ပြေးညီ တစ်ခါတည်း အခန်းများ မပေးသေး၍ မည်သူ့ကိုမျှ အဆောက်အအုံပေါ် တက်ရောက်နေထိုင်ခြင်းမပြုရန် ကန့်ကွက်ထားကြောင်း ပြောကြသည်။

ထိုစဉ်က အိမ်များအား ဖယ်ရှားစေခဲ့ရာတွင် ပါဝင်ခဲ့သော မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် အေးရှားဝေါလ် ဆောက်လုပ်ရေးကုမ္ပဏီတို့က ၎င်းတို့အား ညှိနှိုင်းခြင်းမရှိဟု ဆိုသည်။ ထို့အပြင် တည်ဆောက်ပြီး အခန်းများနှင့်ပတ်သက်၍ မြေပိုင်ရှင်များအား မည်ကဲ့သို့ ပြန်လည်ပေးအပ်မည်ကိုလည်း အသိပေး အကြောင်းကြားခြင်းမရှိဘဲ လှည်းတန်းစင်တာ ဖွင့်လှစ်ရန် စီစဉ်နေမှုအား နည်းလမ်းပေါင်းစုံဖြင့် တားဆီးမည်ဖြစ်ကြောင်း ဦးသိန်းဆွေကပြောသည်။

“ကျွန်မတို့က ဆောက်ချင်ပါတယ်ဆိုပြီး ကန်ထရိုက်ကို အပ်တာမဟုတ်ဘူး။ ကျွန်မတို့ကို အတင်းမောင်းချတာ။ ကိုယ့်အိမ်ကိုယ့်ရာ ကိုယ့်စီးပွားနဲ့ လုပ်ကိုင်စားသောက် နေထိုင်လို့ရတဲ့ဘ၀က လမ်းဘေးကိုရောက်လို့ မိဘဘိုးဘွားတွေခမျာ စိတ်သောကရောက်ပြီး သေတဲ့လူတွေ များလာပြီ။ အခု ဘယ်သူကမှ ဘာမှလာညှိနှိုင်းတာ မရှိသေးလို့ ကျွန်မတို့တစ်တွေ လုပ်စရာရှိတာ ဆက်လုပ်ဖို့ပဲ ကျန်တော့တယ်”ဟု ၀င်းဆံသမှ ဒေါ်နီနီအောင်ကလည်း ပြောသည်။

“ကျွန်တော်တို့ လှည်းတန်းစင်တာမှာ ဘယ်အခန်းမှ ရောင်းထားတာမရှိသေးဘူး။ အခုလောလောဆယ်မှာတော့ အိုးအိမ်ဌာနနဲ့ လွှဲပြောင်းမှုတွေ လုပ်နေပါတယ်။ တစ်ခုပြီးတစ်ခု လုပ်စရာရှိတာ ဆက်လုပ်ပေးမှာပါ။ လှည်းတန်းစင်တာ ဘယ်တော့ဖွင့်မယ်ဆိုတာကတော့ ကုမ္ပဏီက လူကြီးတွေကပဲ တရားဝင်ကြေညာတာတွေ လုပ်ဆောင်ပေးပါလိမ့်မယ်”ဟု အေးရှားဝေါလ်ကုမ္ပဏီမှ ဆောက်လုပ်ရေးလုပ်ငန်းခွင် တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုကဲ့သို့သော အဆင်မပြေမှုများ ကြုံတွေ့နေရပါက အဆိုပါကိစ္စတွင် ပါဝင်ပတ်သက်သူတိုင်း တွေ့ဆုံညှိနှိုင်းကြပါက ပြေလည်သွားဖွယ်ရှိကြောင်း အထပ်မြင့်အဆောက်အအုံများ အရည်အသွေး စိစစ်ကြပ်မတ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

7Day
 
အပေါ်သို့!