Unknown 9:38 AM 0 ဝေဖန်မှု့အရေအတွက် သံဃာတော် တပါး သေဆုံးစေခဲ့မှုဖြင့် အစ္စလာမ်ဘာသာဝင် ၆ ဦး သေဒဏ်ကျခံရဖွယ်ရှိ Home » Unlabelled » သံဃာတော် တပါး သေဆုံးစေခဲ့မှုဖြင့် အစ္စလာမ်ဘာသာဝင် ၆ ဦး သေဒဏ်ကျခံရဖွယ်ရှိ မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ မေလ ၀၈ ရက် ၂၀၁၃ ခုနှစ် ၂၀ နာရီ ၁၆ မိနစ် ယခု လပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ဘာသာရေးဆိုင်ရာ ပဋိပက္ခအတွင်း၌ ပျံလွန်တော်မူခဲ့ရသော သံဃာတော်၏ သေဆုံးမှုနှင့်ပတ်သက်၍ စစ်ဆေးခြင်းခံနေရသော အစ္စလာမ်ဘာသာဝင် ၆ ဦးမှာ ပြစ်မှု ထင်ရှားပါက သေဒဏ်ကျခံရနိုင်ဖွယ် ရှိကြောင်း အာဏာပိုင်များက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်ဟု AFP သတင်းတရပ်တွင် ဖော်ပြပါရှိသည်။ မန္တလေးတိုင်း တရားသူကြီး ဦးရဲအောင်မြင့်၏ အဆိုအရ ၎င်းတို့အား စစ်ဆေးနေပြီး သောကြာနေ့တွင် အမိန့် ချမှတ်လိမ့်မည်ဟု ခန့်မှန်းထားသည်။ “လူသတ်မှုအတွက် ပြစ်မှုထင်ရှားရင်တော့ သေဒဏ် ချမှတ် ခံရမှာပါ” ဟု ဦးရဲအောင်မြင့် ၏ တယ်လီဖုန်းမှ တဆင့် ဖြေကြားချက်အား ကိုးကား၍ AFP သတင်းက ရေးသားသည်။ မတ်လ အတွင်းက မိထ္ထီလာမြို့ရှိ ရွှေဆိုင်၌ ခိုက်ရန် ဖြစ်ပွားမှု တခုမှ အစပြုပြန့်ပွားခဲ့သော အကြမ်းဖက်မှု ဂယက်များကြောင့် အနည်းဆုံး လူ ၄၃ ဦး သေဆုံးခဲ့ရပြီး လူပေါင်း ထောင်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ သံဃာတော် တပါး ပျံလွန်တော်မူစေခဲ့သည့် ကိစ္စ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း နိုင်ငံတွင်းရှိ ဒေသ အများအပြား၌ ဆူပူအုံကြွမှုများ ဖြစ်ပေါ်ခဲ့ကာ ၎င်းအကြမ်းဖက်မှုများသည် အစ္စလာမ် ဘာသာဝင်များ ထံသို့ ဦးတည်လာခဲ့ သည်။ ပြဿနာ စတင်ဖြစ်ပွားခဲ့သည့် ရွှေဆိုင်ပိုင်ရှင်နှင့် အခြား အစ္စလာမ်ဘာသာဝင် နှစ်ဦးတို့အား ဈေးဝယ်သူကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုဖြင့် ဧပြီလအတွင်းက ထောင်ဒဏ် ၁၄ နှစ်စီ ချမှတ်လိုက်သည်။ ဖြစ်ပွားခဲ့သော ဆူပူအုံကြွမှုများနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာဝင် တစ်ဦးမျှ ပြစ်ဒဏ်ကျ ခံခဲ့ရခြင်းမရှိကြောင်း AFP သတင်းက ဆိုသည်။ ခန့်မှန်းခြေအရ မြန်မာနိုင်ငံလူဦးရေ၏ ၄ ရာခိုင်နှုန်းခန့်ရှိသော အစ္စလာမ်ဘာသာဝင်များအား တိုက်ခိုက်ခဲ့ခြင်း သည် ယခု ကောင်းမွန်သောနိုင်ငံရေး အပြောင်းအလဲ ကာလဟု အမွှမ်းတင်ခြင်း ခံနေရမှုများကို အမှောင်ရိပ် ဖုံးစေခဲ့ပြီး စစ်အစိုးရ၏ အုပ်ချုပ်မှုကြောင့် ဆိုးရွားစွာ ဖြစ်နေခဲ့ရသည့် နိုင်ငံ၏ အက်ကြောင်းများကို သိသာ ထင်ရှားစေခဲ့သည်ဟု ဆိုသည်။ အဓိကရုဏ်း ဖြစ်ပွားရာတွင် သံဃာတော်အချို့ ပါဝင်ခဲ့ပြီး အချို့မှာ လူမျိုးရေး လှုံ့ဆော်မှုအဖြစ် အစ္စလာမ် ဘာသာဝင်များ ပိုင်ဆိုင်သော ဆိုင်များ၌ စီးပွားရေးအရ အဆက်အဆံ မလုပ်ရန် ဆော်သြမှုများ ပြုလုပ်ခဲ့ကြ သည်။ ယခု တရားခွင်တွင် စစ်ဆေးခြင်း ခံနေရသည့် ၆ ဦး အနက် သံဃာတော်အား သေစေခဲ့မှု၏ အဓိက တရားခံမှာ အသက် ၂၀ အရွယ်ရှိသူ ဖြစ်ပြီး ကျန် ၅ ဦးမှာလည်း လူသတ်မှု၌ ပါဝင် ပတ်သက်သူများအဖြစ် စွဲချက်တင်ခံ ထားရသည်။ ၇ ယောက်မြောက် မသင်္ကာဖွယ်ဖြစ်သူအား သက်ငယ် တရားရုံး၌ စစ်ဆေးသွားမည်ဖြစ်ပြီး အမှုတွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသော ကျန် ၄ ဦးကိုလည်း ဖမ်းဆီးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ ယခင် သီတင်းပတ်က ရန်ကုန် မြို့၏တောင်ဘက် မိုင် ၆၀ အကွာရှိ ဥက္ကံမြို့တွင် ထပ်မံဖြစ်ပွားခဲ့သော အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး အဓိကရုဏ်းကြောင့် လူ ၁ ဦး သေဆုံးပြီး ဗလီနှင့် လူနေအိမ်များ ဖျက်ဆီးခံရကာ နိုင်ငံအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုများ တဖန် ဖြစ်ပေါ်ခဲ့ရသည်။ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင်များ အကြား ပဋိပက္ခများကြောင့် လူ ၂၀၀ ခန့် သေဆုံးခဲ့ရပြီး သေဆုံးသူ အများစုမှာ ရိုဟင်ဂျာ မူဆလင်များ ဖြစ်ကြသည်။ သမ္မတ ဦးသိန်းစိန် တနင်္လာနေ့က ပြောကြားခဲ့သော မိန့်ခွန်းတွင် ရခိုင်ပြည်နယ်ရှိ အစ္စလာမ် ဘာသာဝင်များ အတွက် အဓိကကျသော အခြေခံ အခွင့်အရေးများ ရရှိရန် ကတိပြုခဲ့ပြီး “ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်နိုင်ရန်” နိုင်ငံတော်အနေဖြင့် ဦးတည်သင့်သည်ဟု ပါရှိသည်။ အေးချမ်းမွန် Share This To : Facebook Twitter Google+ StumbleUpon Digg Delicious LinkedIn Reddit Technorati