Searching...

အလုပ်သမား၁၅၀၀ကျော် တရားဝင်ခွင့်ပြုသော ဆန္ဒပြပွဲလှိုင်သာယာတွင်ပြုလုပ်


၉.၆.၂၀၁၃၊ တနင်္ဂနွေနေ့

၂၀၁၂ခုနှစ် ဇွန်လမှ စတင်၍ တရားဝင် ဆန္ဒပြခြင်းများကို အကြောင်းအရာ အမျိုးမျိုးဖြင့် ထုတ်ဖော်ခဲ့ကြရာ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများက ဆန္ဒပြသူဦးရေအား နှစ်ရာအထိသာ ခွင့်ပြုမှုများ ရှိခဲ့သော်လည်း ယခုအခါ အလုပ်သမားဦးရေ ၁၅၀၀ အထိ ပါဝင်ပြီး (၄)နာရီကြာ ဆန္ဒပြခွင့်သော တရားဝင် ဆန္ဒပြပွဲကို လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူးမှ ခွင့်ပြုလိုက်ကြောင်း ယင်း အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

၎င်းဆန္ဒပြပွဲအတွက် အလုပ်သမား စုစုပေါင်း (၃၀၀၀)ဆန္ဒ

ထုတ်ဖော် ရန် အလုပ်သမား သမဂ္ဂခေါင်းဆောင်များက မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ တင်ခဲ့ခြင်းဖြစ်ပြီး ၁၅၀၀ပြန်လည် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးသူ ရှေ့နေဦးဌေးက ပြောကြားသည်။

ယင်းသို့ ဆန္ဒပြရခြင်းသည် ဝါးတစ်ရာစက်မှုဇုံရှိ တော်ဝင်သစ်စက် အလုပ်သမားများ ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ စီစဉ်ဖြစ် ခဲ့ခြင်းဖြစ်ပြီး အလုပ်ရှင် အလုပ်သမား မခွဲခြားဘဲ ဥပဒေချိုးဖောက်သူတိုင်းကို အရေးယူပေးရန်၊ တစ်နေ့အနည်းဆုံး လုပ်ခ(၃၀၀၀)ကျပ် ရရှိရန်နှင့် အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်များအား အကြောင်းမဲ့ အလုပ်ထုတ်ခြင်းမှ ရပ်တန့်ပေးရန်တို့ ဖြစ်ကြောင်း တိုင်ရီဖိနပ်စက်ရုံ အခြေခံအလုပ်သမား အဖွဲ့အစည်းသမဂ္ဂ ဥက္ကဋ္ဌ မမိုးဝေက ပြောကြားသည်။

“တော်ဝင်မြန်မာ ဆန္ဒပြအလုပ်သမားတွေ အဖမ်းခံရတာနဲ့ ပတ်သက်ပြီး ဆန္ဒပြတောင်းဆိုဖို့ ကျွန်တော်တို့ သမဂ္ဂ အဖွဲ့ စည်းပေါင်း ၄၀ကျော်က ဆုံးဖြတ်တဲ့အခါမှာ တော်ဝင်မြန်မာ အလုပ်သမားတွေအတွက် ဆန္ဒပြမယ်ဆိုပြီး စဉ်းစားပြီးမှ လုပ်ခဲ့တာပါ”ဟု မန္တလေးတိုင်း အလုပ်သမား သမဂ္ဂဥက္ကဋ္ဌ ဦးသက်နှင်းအောင်က ပြောကြားသည်။

ယနေ့ဆန္ဒပြ ကြွေးကြော်မှုများတွင် တစ်နေ့ အနည်းဆုံးလုပ်ခ (၃၀၀၀)ကျပ် ရရှိရေး၊ အကြောင်းမဲ့ အလုပ်ထုတ်မှု ရပ်ဆိုင်းရေး၊ အလုပ်သမားအဖွဲ့အစည်း လွတ်လပ်စွာထူထောင်ရေးနှင့် အလုပ်ရှင်လွှမ်းမိုး ချုပ်ကိုင်မှု ရပ်ဆိုင်းရေး၊ အချိန်ပို အဓမ္မ ခိုင်းစေမှု ရပ်ဆိုင်းရေး၊ အဂတိလိုက်စားမှု ပပျောက်ရေးနှင့် တရားဥပဒေစိုးမိုးရေး အပါအဝင် အချက်(၁၄)ချက် ပါဝင်ကြောင်း သိရသည်။

“လှိုင်သာယာကအစ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှာ အကြောင်းမဲ့ အလုပ်ထုတ်ပြစ်တာတွေ ရှိနေတဲ့အတွက် လုပ်ငန်းခွင် အလုပ်တည်မြဲမှု ရှိစေရေး၊ နောက် ဥပဒေကို ချိုးဖောက်တဲ့ အခါမှာ အလုပ်ရှင်အလုပ်သမား မခွဲခြားဘဲ အစိုးရကနေ အရေးယူပေးဖို့ပါ။ ဥပမာ တော်ဝင် သစ်အချောထည် စက်ရုံမှာဆိုရင် အလုပ်ရှင်က အမှုဖွင့်တာကို အမှုလက်ခံတယ်။ အလုပ်သမားက အမှုဖွင့်တာကို လက်မခံဘူးလေ အဓိကကတော့ တရားဥပဒေ စိုးမိုးမှုမရှိဘူး ဖြစ်နေတာပေါ့ အဲ့ဒါတွေ ကိုသက်ဆိုင်ရာ တာဝန်ရှိသူတွေ သိရှိအောင်လို့ ဆန္ဒထုတ်ဖော်ကြတာပါ”ဟု မမိုးဝေက ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ သမဂ္ဂအဖွဲ့အစည်းပေါင်း ၅၂၈ဖွဲ့ တရားဝင်ခွင့်ပြုပြီးသည့်အနက် အလုပ်သမားအဖွဲ့ အစည်းမှာ နှစ်ရာကျော်ရှိပြီး အလုပ်သမားသမဂ္ဂ အဖွဲ့ဝင် နှစ်သိန်းခွဲကျော် ပါဝင်နေသော်လည်း အလုပ်သမားသမဂ္ဂ မဖွဲ့စည်း ရသေး သောစက်ရုံများမှာ လှိုင်သာယာစက်မှုဇုံများ၌ပင် များစွာကျန်ရှိနေသေးကြောင်း လက်ရှိအလုပ်သမား သမဂ္ဂခေါင်းဆောင် များထံမှ သိရသည်။

ုမြန်မာ့ခေတ်
 
အပေါ်သို့!