၂၀၁၃ခုနှစ် ဇူလိုင် ၁ ရက်တွင် ထွက်ရှိမည့် TIME မဂ္ဂဇင်း၏ မျက်နှာဖုံးတွင် ဆရာတော် ဦးဝီရသူပုံကို အပြည့်ဖော်ပြလိုက်ပြီး ဗုဒ္ဓဘာသာ အကြမ်းဖက်သမား တစ်ယောက်အဖြစ် ပုံဖော်ထုတ်ဝေလိုက်သည်။ ယခင်က မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော အဓိကရုဏ်းများနှင့် ပတ်သက်၍လည်း နိုင်ငံတကာ သတင်းမီဒီယာများ အနေဖြင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ ပါဝင်ပတ်သက်သည်ဟု စွပ်စွဲချက်များ ရှိခဲ့ပြီး ယခုအကြိမ်သည် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးကို ကမ္ဘာတစ်ဝန်း ထုတ်ဝေနေသော မဂ္ဂဇင်းတစ်စောင်တွင် ပထမဆုံးအကြိမ် အကြမ်းဖက်သမားအဖြစ် စွပ်စွဲဖော်ပြ လိုက်ခြင်းလည်း ဖြစ်သည်။ သံဃာကို စော်ကားလိုက်ခြင်းသည် တစ်နည်းအားဖြင့် ဆိုရသော် မြန်မာနိုင်ငံတွင်းမှ ဗုဒ္ဓဘာသာဝင် အများစု ပြည်သူများနှင့် ကိုးကွယ်အားထားရာ
ဗုဒ္ဓဘာသာကိုပါ နှိမ့်ချစော်ကားလိုက်ခြင်း ဖြစ်သည်။
ယခုအခါသည် အရေးကြီးသော အချိန်အခါ တစ်ခုဖြစ်ပါသည်။ မီဒီယာအင်အားကို တလွဲသုံး၍ ထိုကဲ့သို့ မမှန်မကန် စွပ်စွဲရေးသားလိုက်သော TIME မဂ္ဂဇင်း၏ ရေးသားချက် အပေါ် မီဒီယာများ အနေဖြင့် ယခုကိစ္စသည် မမှန်ကန်ကြောင်း ညီညီညွတ်ညွတ် တွန်းလှန်ရေးသား တုံ့ပြန်ရမည့် အချိန်အခါ ဖြစ်ပါသည်။ မြန်မာနိုင်ငံကဲ့သို့ မီဒီယာအင်အား နည်းပါးသော နိုင်ငံငယ်ကို နိုင်ငံတကာက မီဒီယာအင်အားသုံးပြီး စွပ်စွဲမှုသည် ယခုအကြိမ် ပထမဆုံး မဟုတ်ခဲ့ပါ။ ယခင်ကလည်း ဘင်္ဂါလီ အရေးအခင်းများ၊ ကြိုးကိုင်လှုပ်ရှားသော အဓိကရုဏ်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံအား မမှန်မကန် ရေးသား စွပ်စွဲမှုများ ပြုလုပ်ခဲ့သေးသည်။ ထိုကဲ့သို့ စွပ်စွဲအနိုင်ကျင့်မှုများ အတွက် ပြည်တွင်းမီဒီယာများ အနေဖြင့် မမှန်ကန်ကြောင်း ပြန်လည်ပြသနိုင်ရန် နိုင်ငံတကာသို့ အင်အားကောင်းကောင်းဖြင့် ထိုးဖောက်တုံ့ပြန် ကြရမည် ဖြစ်သည်။

ထို့အတွက် ပြည်တွင်းမီဒီယာများ အားကောင်းနေရန် လိုအပ်ပါသည်။ နိုင်ငံတကာကို ထိုးဖောက်တုံ့ပြန်ရာတွင် အစိုးရမီဒီယာများထက် လွတ်လပ်ပြီး အမှီအခိုကင်းသော ပုဂ္ဂလိက မီဒီယာများကို ပိုမိုယုံကြည်လေ့ရှိရာ ပုဂ္ဂလိက မီဒီယာများ အနေဖြင့်လည်း အမှန်တရားပေါ်တွင် ရပ်တည်နိုင်၍ နိုင်ငံတကာသို့ ထိုးဖောက်ဝင်ဆံ့နိုင်ရန် အရေးကြီးပါသည်။ သို့သော် မြန်မာနိုင်ငံတွင် ပြည်တွင်းမီဒီယာများအား ယှဉ်ပြိုင်ဘက်အဖြစ် သတ်မှတ်ကာ နည်းလမ်းအမျိုးမျိုးဖြင့် ဖိနှိပ်နေခြင်းများ ရှိနေသေးသည့်အတွက် ပြည်တွင်း မီဒီယာများ အားကောင်းသင့်သလောက် မကောင်း ဖြစ်နေရပါသည်။ ယခုကဲ့သို့ အခြေအနေတွင် အစိုးရအနေဖြင့် ပြည်တွင်း မီဒီယာများအပေါ် နည်းလမ်း အမျိုးမျိုးဖြင့် ထိန်းချုပ်ရန် မလုပ်ဆောင်သင့်တော့ပါ။ သို့မှသာ လွတ်လပ်၍ အမှီအခိုကင်းသော ပုဂ္ဂလိကမီဒီယာများ မမှန်သတင်းများကို ပြန်လည်ချေပ နိုင်ပါလိမ့်မည်။ သို့မဟုတ်ပါက နိုင်ငံတကာမီဒီယာ စစ်မျက်နှာတွင် အရှက်ရစရာ ဖြစ်နေသော မမှန်မကန် ကိစ္စရပ်များအတွက် ပြန်လည်ဖြေရှင်းနိုင်ခွင့် မရှိဘဲ မိမိနိုင်ငံကိုသာ ပြန်လည်ထိခိုက်စရာ အကြောင်း ဖြစ်နေလိမ့်မည်ဟု The Daily Eleven သတင်းစာက ယူဆရေးသား အပ်ပါသည်။