Searching...

ရန်ကုန်တက္ကသိုလ် ဘွဲ့ကြိုတန်းများ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်အတိုင်း လျှောက်ထားရမည်



ရန်ကုန်၊ ဇူလိုင် ၈

အနှစ် ၂၀ ကျော်ကြာ ဘွဲ့ကြို သင်တန်းများ ရပ်နားခဲ့သော ရန်ကုန်တက္ကသိုလ်တွင် ယခုနှစ် ပညာသင်နှစ်၌ ဘွဲ့ကြို သင်တန်းများကို အဆင့် မြှင့်တင်၍ ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်ရာ တက်ရောက်လိုသူ ကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်အတိုင်း လျှောက်ထားရမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် သင်တန်းရေးရာ ဌာနမှူး ဒေါက်တာလှရွှေက The Voice သို့ ပြောကြား သည်။

ရန်ကုန်တက္ကသိုလ်၏ ဘွဲ့ကြို သင်တန်းများသည်

ဝိဇ္ဇာနှင့်သိပ္ပံ ထူးချွန်ကျောင်းသားများအတွက် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ပြီး အထူးပြု ဘာသာရပ် ၂၀ ခုတွင် တစ်ဘာသာလျှင် ၁၅ ဦးစီဖြင့် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူ ၃၀၀ အတွက် တစ်လလျှင် ကျပ် တစ်သိန်းစီ ထောက်ပံ့ပေးရန် အစီအစဉ်လည်းရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ယင်းအပြင် ဒုတိယနှစ် သင်တန်းတွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ထူးချွန် ကျောင်းသား သုံးဦးကို နိုင်ငံခြားသို့ ပညာသင် စေလွှတ် သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်က အင်္ဂလိပ်စာကို တက်ချင်တယ်။ ဒါက ပိုအဆင့်မြင့်တော့ နိုင်ငံခြားမှာ တခြားပညာရပ်ကို ထပ်ပြီး သွားသင်ချင်တယ် ဆိုရင် ပိုလွယ်မယ် ထင်တယ်” ဟု ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင် ထားသူ မောင်ဇင်မင်းဌေးက ၎င်း၏ အမြင်ကို The Voice သို့ ပြောဆိုသည်။

ရန်ကုန်တက္ကသိုလ်၏ ပထမနှစ် သင်တန်းများကို အဆင့်မြင့်ပညာ ဦးစီးဌာန လက်အောက်ရှိ ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်များ၏ ပညာသင်နှစ်အတိုင်း သင်ကြားသွားမည်ဖြစ်ပြီး လာမည့် ဒီဇင်ဘာလတွင် စတင်မည် ဖြစ်သည်။

ယခုနှစ်တွင်မှ ပထမဆုံး ပြန်လည် စတင် သင်ကြားမည့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို လျှောက်ထားမည့်သူများအတွက် အင်္ဂလိပ်စာရမှတ် အနည်းဆုံး ၇၅ မှတ် ရရှိရန် လိုအပ်ပြီး စုစုပေါင်း ရမှတ် ၄၇၀ မှတ် လိုအပ်သည်။

ပညာရေး ဝန်ကြီးဌာနက ယခုနှစ် ပညာသင်နှစ်တွင် ပထမနှစ် ဘွဲ့ကြို သင်တန်းများ ပြန်လည် စတင် ဖွင့်လှစ်မည့် ရန်ကုန် တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်တို့ကို တက္ကသိုလ် တစ်ခုစီတွင် ကျောင်းသား ကျောင်းသူ ၃၀၀ ဦးစီ ပြန်လည် လက်ခံရန် ညွှန်ကြားထားပြီး အဆိုပါ ကျောင်းသား ကျောင်းသူများကို နိုင်ငံတော် ပံ့ပိုးမှုဖြင့် သင်ကြားပေးမည်ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။
 
အပေါ်သို့!