၂၀၁၁
ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က သိမ်ဖြူ နိုင်ငံခြားငွေလဲစင်တာအား
စတင်ဖွင့်လှစ်စဉ်က နိုင်ငံခြားငွေ လဲလှယ်နေကြသူများ Eleven Media Group
နိုင်ငံခြားငွေလဲနှုန်းအား ထိန်းကျောင်းမှုရှိသော နှုန်းရှင်စနစ်အဖြစ် ဧပြီလ ၁
ရက်နေ့မှစ၍ ဗဟိုဘဏ် မှ နေ့စဉ်ရည်ညွှန်း ငွေလဲနှုန်းသတ်မှတ် ပေးခဲ့ပြီး
နှစ်လကျော်အကြာ ယခုကာလတွင် မြန်မာငွေတန်ဖိုးမှာ ၁၀
ရာခိုင်နှုန်းဝန်းကျင်ခန့် ကျဆင်းခဲ့ကြောင်း ဘဏ်လုပ်ငန်းနှင့်
ငွေကြေးဈေးကွက်မှ သတင်းရရှိပါသည်။
နှုန်းရှင်စနစ်ဖြင့်
ပြောင်းလဲပြီး နှစ်လကျော်ကာလအတွင်း အမေရိကန် ဒေါ်လာနှင့်
မြန်မာငွေလဲနှုန်းမှာ တစ် ဒေါ်လာ ၈၁၂ ကျပ်ဝန်းကျင်မှ တစ်ဒေါ်လာကျပ် ၉၀၀
ဝန်းကျင်အထိမြင့် တက်သွားခဲ့ပြီး မြန်မာငွေတန်ဖိုးမှာ ၁၀
ရာခိုင်နှုန်းဝန်းကျင် ထိုးကျခဲ့သည်။
ဇွန်လ ၃ ရက်နေ့က
ရန်ကုန်မြို့ရှိ Chatrium ဟိုတယ်တွင် ကျင်းပသည့် မြန်မာ့လက်ခစား(CMP)
လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိန်ခေါ်မှုများ ဆွေးနွေးပွဲတွင်
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကလည်း မြန်မာငွေတန်ဖိုး
မြင့်တက်ခြင်း
ကို မကြိုက်ကြောင်း၊ ငွေတန်ဖိုးလျော့ကျ သွားစေရန်အတွက်
လုပ်ဆောင်မည့် အစီအမံများရှိကြောင်း ပြောကြားခဲ့သည်။
စက်မှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက “ကျွန်တော် က မြန်မာငွေမာနေတာ
သိပ်မကြိုက်ဘူး။ ကြိုးစားနေပါတယ်။ အစီအစဉ်လေး တစ်ခုရှိပါတယ်။ အဆင်ပြေရင်
ပြေသလို ကျွန်တော်တို့ပြုပြင်ပြောင်းလဲ သွားအောင်လုပ်ဖို့၊
ပျော့သွားအောင်လုပ်ဖို့ အစီအမံရှိကြောင်း ဖြည့်စွက်ပြောကြား လိုပါတယ်”ဟု
ဇွန်လ ၃ ရက်က ပြောကြားခဲ့မှုကို ပြည်တွင်း သတင်းဂျာနယ်များတွင်လည်း
ဖော်ပြခဲ့ကြသည်။
ဒီလို ငွေဈေးတက်တာ Exporter တွေပဲ
အကျိုးဖြစ်ထွန်းမှာ ပေါ့။ သီးနှံတွေဈေးအကျနဲ့ ရောင်းထားတဲ့ လယ်သမားတွေ
နှစ်ခါနာပြီ။ ဒေါ်လာဈေးတက်ရင် သွင်းအားစုတွေ ဈေးတက်မယ်။ တကယ်တော့
အကျိုးဖြစ်ထွန်းမှာက လူနည်းစုပါ . . .
ထိုသို့ပြောကြားပြီး
သုံးပတ်ကျော် အကြာ ဇွန်လ ၂၇ ရက်နေ့တွင် မြန်မာ ငွေတန်ဖိုး ကျဆင်းသွားခြင်း၊
မြန်မာ ငွေနှင့်အမေရိကန်ဒေါ်လာ လဲနှုန်းမှာ ပြင်ပဈေးကွက်တွင် ကျပ် ၉၀၀ အထိ
မြင့်တက်သွားခြင်းလည်း ဖြစ်သည်။ ဇွန်လ ၁၅ ရက်နေ့တွင် ကျပ်တစ်သောင်းတန်
ငွေစက္ကူအား ထုတ်ဝေခဲ့သည်။
အမေရိကန်ဒေါ်လာနှင့် မြန်မာငွေလဲနှုန်းမှာ
နှုန်းရှင်စနစ်ဖြင့် ပြောင်းလဲပြီးနောက်ပိုင်း ဧပြီလအတွင်းက တစ်ဒေါ်လာလျှင်
၈၁၂ ကျပ်ဝန်းကျင်မှ ၈၁၉ ကျပ်အထိသာ အမြင့်ဆုံးဖြစ်ခဲ့ကြောင်း၊ မေလအတွင်းက
တစ်ဒေါ်လာ ၈၁၇ ကျပ်မှ ၈၄၀ ကျပ် အတွင်းသာရှိ ခဲ့ကြောင်း၊ ဇွန်လအတွင်း၌
ဆက်တိုက်မြင့်တက်ခြင်း ဖြစ်ပြီး ဇွန်လ ၂၇ ရက်နေ့တွင် အမြင့်ဆုံးအဖြစ်
တစ်ဒေါ်လာကျပ် ၉၀၀ ၀န်းကျင်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နှုန်းရှင်စနစ်အဖြစ်
ပြောင်းလဲပြီး နောက်ပိုင်းတွင် ဧပြီလမှ မေလကုန် အတွင်း
မြန်မာငွေတန်ဖိုးမှာ အနည်းငယ်သာ ကျဆင်းခဲ့ပြီး ဇွန်လအတွင်းက
ပိုမိုကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပါမောက္ခဒေါ်လှမြင့်
(ဌာနမှူး၊ငြိမ်း၊ စီမံခန့်ခွဲမှုပညာဌာန၊ ရန်ကုန်စီးပွား ရေးတက္ကသိုလ်)က”
နိုင်ငံခြားငွေလဲနှုန်း တက်လာတော့ ပို့ကုန်လုပ်ငန်းရှင်တွေ
ပိုအဆင်ပြေလာနိုင်တယ်။ အခုချိန်မှာ အခြေခံစိုက်ပျိုး ထုတ်လုပ်သူလက်ထဲ မှာ
ကုန်ပစ္စည်းမရှိရင်တော့ လက်ငင်း အကျိုးခံစားခွင့် နည်းနိုင်တယ်။ ဒါပေ
မယ့်ပို့ကုန်တင်ပို့မှု များလာရင်တော့ ဈေးပြန်ရလာမယ်လို့ မျှော်လင့်တယ်။
အခုငွေလဲနှုန်း ပြန်တက်လာတာက အစိုးရက အလုပ်ဖြစ်အောင် လုပ်ပေးတဲ့သဘောလို့
ယူဆပါတယ်။ အလုပ်ပို ဖြစ်လာရင် ငွေကြေးလည်ပတ်မှုလည်း ပိုအဆင်ပြေလာနိုင်တယ်။
ငွေလဲနှုန်း က စီးပွားရေးလုပ်ငန်းတွေ လုပ်သာ ကိုင်သာ ရှိတဲ့နှုန်းဖြစ်ဖို့
လိုသလို တည်ငြိမ်မှုရှိဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့် ဖြစ်သင့်ဖြစ်ထိုက်
တဲ့ နှုန်းထားတစ်ခုဖြစ်လာရင် တည်ငြိမ်အောင်ထားဖို့ အဓိကကျတယ်။
ငွေကြေးဖောင်းပွမှုနှုန်း ဖြစ်သင့်တာထက် ပိုမမြင့်ဖို့ လိုတယ်။ အခုအနေအထားမှာ
ပို့ကုန်တင်ပို့မှု တိုးလာမှာဖြစ်တဲ့ အတွက် သွင်းကုန်တင်သွင်းမှုတွေ လည်း
ပိုများလာနိုင်တယ်။ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတိုးလာရင်
မြန်မာ့စီးပွားရေး အိပ်ပျော်နေရာက ပြန်နိုး လာမှာပါ”ဟု သုံးသပ်ခဲ့သည်။
“ဒေါ်လာတန်ဖိုးမြင့်တက်ရင်
ပို့ကုန်လုပ်ငန်းတွေ အကျိုးများမယ်။ ငွေကြေးလည်ပတ်မှု အားကောင်းမယ်။
ဒါငြင်းစရာမရှိပါဘူး။ ဒါပေမယ့် တွက်ဆသင့်တာက အချိန်(Timing) ပါ။
အခုလောလောဆယ်မှာ မြန်မာနိုင်ငံရဲ့ ထုံးစံအတိုင်း မိုးတွင်းရောက်ရင်
အရောင်းအ၀ယ် အေးတယ်။ FDI တွေ မလာသေးဘူး။ ငွေကြေးလည်ပတ်မှုအား မကောင်းဘူး။
ဒီအခြေအနေမျိုးမှာ ငွေဈေးတက်ရင် ငွေကြေးဖောင်းပွမှု စိုးရိမ်ရတယ်။
နောက်ပြီး export earning တက်လို့ အဓိကကုန်ထုတ်သူတွေ၊ လယ်သမားတွေ
လက်ထဲသီးနှံမရှိတော့တဲ့ အချိန်မှာ ဒီလိုငွေဈေးတက်တာ Exporter တွေပဲ
အကျိုးဖြစ်ထွန်းမှာပေါ့။ သီးနှံတွေ ဈေးအကျနဲ့ ရောင်းထားတဲ့ လယ်သမားတွေ
နှစ်ခါနာပြီ။ ဒေါ်လာဈေးတက်ရင် သွင်းအားစုတွေ ဈေးတက်မယ်။ တကယ်တော့
အကျိုးဖြစ်ထွန်းမှာက လူနည်းစုပါ။ တကယ်လို့ ဒေါ်လာဈေးဆွဲတင်ချင်ရင် FDI တွေ
လာမယ့်အချိန် အရောင်းအ၀ယ်ကောင်းမယ့် အောက်တိုဘာလကျော်မှ ဖြစ်သင့်တယ်။
ဒေါ်လာဈေး ၉၀၀ ဖြစ်အောင် အခုပဲ အစိုးရဆွဲတင်မယ်ဆိုရင် ဒါဟာ လူအများစုကို
ထိခိုက်နစ်နာစေပါတယ်။ ကျွန်တော်ပြောတာက စီးပွားရေး ရှုထောင့်ထက် လူများစု
အကျိုးစီးပွား ရှုထောင့်က ပြောတာပါ”ဟု Eleven Media Group CEO ဒေါက်တာ
သန်းထွဋ်အောင်က ပြောပါသည်။
မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်
အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က “နိုင်ငံခြားငွေတန်ဖိုး တက်တာကတော့
နိုင်ငံအတွက်ကောင်းတဲ့ အလားအလာပါ။ တက်ဖို့အတွက်လည်း ကျွန်တော်တို့
အခြေခံမွေးမြူ ထုတ်လုပ်သူတွေ တတ်နိုင်သလောက် ထောက်ပြခဲ့ကြပါတယ်။ ဒါပေမယ့်
သူ့အချိန်အခါနဲ့ သူတက်ဖို့တော့ လို တာပေါ့။ တကယ်ဆို ကောက်ပဲသီး
နှံပေါ်တဲ့အချိန်၊ မွေးမြူသူတွေ တကယ် ထုတ်လုပ်နိုင်တဲ့ အချိန်ကတည်းက
တက်ရမှာ။ ဒါမှ တောင်သူတွေရော၊ အခြေခံမွေးမြူ ထုတ်လုပ်သူတွေပါ
နိုင်ငံခြားငွေ ဈေးတက်တဲ့ အကျိုးကိုခံစားရ မှာ။ အခုအချိန်ကျမှ လာတက်တဲ့
အတွက် ရေထွက်ကုန်ဆို အအေးခန်းပိုင် ရှင်တွေ၊ စပါးနဲ့ ပဲဆိုရင် လှောင်လက်
လုပ်ငန်းရှင်၊ ပို့ကုန်လုပ်ငန်းရှင်တွေပဲ အကျိုးရှိသွားတယ်။ ၀န်ကြီးဌာနတွေ
ရဲ့လုပ်ဆောင်ချက်တွေဟာ လုပ်ပေးချင်တဲ့ ဆန္ဒကတစ်မျိုး လက်တွေ့မှာ
ဖြစ်လာတာကတစ်မျိုးနဲ့ အံလွဲမှုလေးတွေ ဖြစ်နေတယ်။ ရေများတဲ့နေရာ
မိုးလိုက်ရွာပေးသလို ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ဥပမာ-နိုင်ငံခြား
ငွေဈေးကျလို့ စပါးဈေးကျတောင် သူတွေ ဒုက္ခရောက်နေလို့ နိုင်ငံတော်
အရန်ဆန်ဝယ်ပေးတယ်။ အဲဒီအချိန်ကတည်းက နိုင်ငံခြားငွေဈေးကိုပါ နှုန်းတစ်ခုနဲ့
သတ်မှတ်ပြီးမြှင့်လိုက်ရင် တောင်သူတွေလည်း ဈေးပိုရမှာပေါ့။ တောင်သူတွေ
အဲဒီတုန်းက တင်းတစ်ရာ ကျပ်သုံးသိန်းအောက်ပဲ ရခဲ့တယ်။ အခုမှ နိုင်ငံခြားငွေ
ဈေးတက်အောင် လုပ်တော့ အဲဒီစပါးတွေ ၀ယ်လှောင် ထားတဲ့သူတွေပဲ ရသွားတာပေါ့။
တောင်သူတွေက လက်ဗလာပဲ ကျန်ခဲ့ပြန်ရော။ ပဲလည်း ဒီလိုပဲလှောင်တဲ့သူစားပြီ၊
တောင်သူသွားပြီ။ အဲဒီအတွက် ရေများတဲ့နေရာ မိုးလိုက်ရွာပေးနေသလို
ဖြစ်နေတယ်လို့ ပြောရတာ။ အခု နိုင်ငံခြားငွေမာ ဈေးတက်တာကောင်းတယ်။ ဒါပေမယ့်
စိုးရိမ်မိတာက ငါးပုစွန်ထွက်မယ့် ကာလ၊ စပါး၊ ပဲပေါ်မယ့်ကာလရောက်မှ
ပြန်ကျမှာကိုတော့ စိုးရိမ်မိတယ်။ ဒီလိုကစားရင်တော့ လက်သင့်ခံစရာ မရှိသလို
တိုင်းပြည်လည်း ကောင်းလာမှာ မဟုတ်တော့ဘူး။ နိုင်ငံခြားငွေဈေးတက်တာကို
ထောက်ခံသလို ကျွန်တော်တို့တာဝန်ရှိတဲ့ သူတွေကိုလည်း အကြိမ်ကြိမ်
တင်ပြပြောခဲ့ပြီးသလို တာဝန်ရှိသူတွေက လုပ်ပေးတယ်။ ဒါပေမယ့် အချိန်အခါ
လွဲသွားတယ်။ ရှေ့ဆက်ပြီးရင်တော့ တောင်သူတွေ၊ အခြေခံကျေးလက်
ထုတ်ကုန်ထုတ်လုပ်သူတွေ အကျိုးခံ စားရမယ့်အချိန်အထိ ဒီငွေဈေးတည်
ငြိမ်ဖို့လိုတယ်။ နောက်ဆုံး အရေးကြီးတာက နိုင်ငံခြားငွေ ဈေးတက်တဲ့အခါ
အခြေခံကျေးလက်ကုန် ထုတ်လုပ်တဲ့ သူတွေကိုက်ညီတဲ့ အထိပဲ တက်ဖို့လိုတယ်။
နိုင်ငံအတွက် ငွေကြေးဖောင်းပွစေတဲ့ အထိတော့ တက်ဖို့မလိုဘူး။
ငွေကြေးဖောင်းပွနိုင်တဲ့အထိ တက်မယ် ဆိုရင် ဖောင်းပွလို့
ဈေးပြန်ချမကိုက်လို့ ပြန်တင်၊ အဲဒီမှာ အခြေခံကရမယ့်အချိန် ဈေးမတက်
လှောင်လက်ထဲကုန် ရောက်ချိန်တက်နဲ့ ပြန်ဖြစ်ဦးမယ်။ နိုင်ငံခြားငွေဈေး
အရမ်းတက်သွားပြန်ရင်လည်း နိုင်ငံဝန်ထမ်းတွေနဲ့ အခြေခံ လက်လုပ်လက်စားတွေ
အပေါ် ဖိစီးလိမ့်မယ်။ အဲဒီအထိ တက်ဖို့လည်း ကျွန်တော် တို့မမျှော်လင့်သလို
အဲဒီလိုအထိ တက်တာကိုလည်း မနှစ်မြို့ပါဘူး။ ကိုက်ညီတဲ့အထိပဲ တက်စေချင်တယ်၊
ကိုက်ညီ တဲ့ဈေးက ငြိမ်နေဖို့လိုတယ်။ ရေများတဲ့နေရာ
မိုးလိုက်ရွာသလိုမဖြစ်ရင် ရပါပြီ”ဟု သုံးသပ် ပြောကြားခဲ့ပါသည်။
“မြန်မာ
နိုင်ငံခြားငွေလဲနှုန်းကို အစကတည်းက ကျပ် ၉၀၀နဲ့ ၁၀၀၀ ကြား မှန်းတယ်ထင်တယ်။
အရင်တုန်း ကလည်း ၁၃၇၀ ကျော်အထိဖြစ်ခဲ့ဖူး ပြီးသား။ ပြီးတော့
ကုန်သွယ်ရေးနဲ့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု
တိုးမြှင့်ချင်တာဆိုတော့ နိုင်ငံခြားငွေလဲနှုန်းကို ဆွဲတင်မယ့် သဘောရှိတယ်။
စီးပွားရေးကောင်းအောင် လုပ်ချင်တဲ့ ရည်ရွယ်ချက်ဆို၊ ဖြစ်သင့်ဖြစ်ထိုက်လို့
လုပ်တာဆို ကောင်းတာပေါ့။ ဗဟိုဘဏ်က သက်သက်မယ့်လုပ်တာလို့တော့ မထင်ပါဘူး။ အခု
နိုင်ငံခြားငွေလဲနှုန်း မြင့်တက်လာမှုမှာ ကျပ်တစ်သောင်းတန် ထုတ်ဝေမှုက
တစ်စိတ်တစ်ပိုင်း သက်ရောက်ပေမယ့် ငွေဖောင်းပွမှု မြင့်တက်မလာအောင် ဗဟိုဘဏ်က
ထိန်းကျောင်းနိုင်လိမ့်မယ်လို့ ယူဆပါတယ်။ တိုင်းပြည်စီးပွားရေး ကောင်းအောင်
ကြိုးစားနေချိန်မှာ ဒုက္ခရောက်အောင်တော့ မလုပ်လောက်ဘူး။ စီးပွားရေးကိစ္စတွေက
အကုန်လုံးပတ်သက် ဆက်နွှယ်နေတော့ တိတိကျကျပြော ဖို့ခက်ခဲတယ်၊ မမြင်နိုင်တဲ့
အကြောင်းအရာတွေတော့ ရှိနိုင်ပါတယ်။ ချေးငွေ တို့၊ အကူအညီ အထောက်အပံ့တို့
ရတာနည်းတဲ့အချိန်မှာ ဘတ်ဂျက်လိုငွေ ကို ဘယ်လိုရှာမလဲဆိုတာတော့
စဉ်းစားမှာပဲ။ အစိုးရငွေချေးစာချုပ်တွေ ကို ဒီထက်ပိုထုတ်ရောင်းဖို့
လုပ်လာနိုင်တယ်။ အခုချိန်က အစိုးရက ထင်တိုင်းကြဲလို့တော့ မရတော့ဘူး။
ဗဟိုဘဏ်အနေနဲ့လည်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ် နဲ့
အာရှဖွံ့ဖြိုးရေးဘဏ်တို့လို အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်
နေတဲ့အတွက် လုပ်ချင်တိုင်းလုပ်လို့ မရဘဲ ညှိနှိုင်းမှုတွေ
လုပ်ဖို့လိုပါလိမ့်မယ်” ဟု ပါမောက္ခဒေါ်ရီရီမြင့်က သုံးသပ်ခဲ့ သည်။
ယင်းအပြင်
လက်ရှိနိုင်ငံခြားငွေ တန်ဖိုးမြင့်တက်မှုမှာ သာမန်အကြောင်းရင်းထက်
ပိုနိုင်ကြောင်းကိုလည်း AGD (အာရှစိမ်းလန်းဖွံ့ဖြိုးမှု ဘဏ်လီမိတက်)
ဖေ့စ်ဘုတ်တွင် ‘မြန်မာငွေတန်ဖိုး ရုတ်တရက်ကျဆင်းခြင်းသည်
မည်သည့်အကြောင်းရင်းမျှ ရှာမတွေ့ဟု ဈေးကွက်လေ့လာသူများ ထံမှသိရှိရပါတယ်။
တစ်စုံတစ်ယောက် (သို့) အဖွဲ့အစည်းတစ်ရပ်မှ ၎င်းတို့၏ အကျိုးစီးပွားအတွက်
ဒေါ်လာဈေးများတက်ရန် ကြံစည်ခြင်းဖြစ်နိုင်ကြောင်းလည်း တချို့က
သုံးသပ်ကြပါတယ်။ (ဥပမာ-နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှု ငွေကြေး
အများအပြားရရန် ရှိသောသူများမှ ၎င်းတို့ငွေများ ၀င်မလာခင် ဈေးတက်ရန်
ဈေးကွက်အတွင်း တမင် အတင်းလိုက်ဝယ်ခြင်း) ယင်း အတွက် အထူးသတိထားကြပါရန်
သတင်းပေးအပ်ပါတယ်’ဟူ၍ သတိပေး ဖော်ပြထားသည်ကို တွေ့ရသည်။
၂၀၁၂
ခုနှစ်နှစ်ဆန်းပိုင်းတွင် ပြည်တွင်းလည်ပတ်ငွေသည် ငွေကျပ် ၁၉၉
ဘီလျံကျော်ရှိပြီး တစ်နှစ်လျှင် ပျမ်းမျှ ၁၉၃ ရာခိုင်နှုန်း
တိုးတက်ခဲ့သဖြင့် ငွေကြေးဖောင်းပွမှုကို ဖြစ်စေခဲ့ကြောင်း ပထမအကြိမ်
ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီ၏ အစီအရင်ခံစာတွင်
ဖော်ပြထားကြောင်း သိရှိရသည်။
၁၉၉၇ ခုနှစ်ကုန်တွင် ပြည်တွင်း
လည်ပတ်ငွေ(Money Supply) သည် ၁၉၉ ဒသမ ၈၄၅ ကျပ်ဘီလျံရှိပြီး ၁၉၉၆ ခုနှစ်ကထက်
၃၀ ဒသမ ၉၆ ရာခိုင် နှုန်းတိုးမြှင့်ခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်ကုန်တွင်
ပြည်တွင်းလည်ပတ်ငွေ (Money Supply)သည် ကျပ် ၅၆၀၀ ဘီလျံရှိကြောင်း
ဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏
ရှင်းလင်းတင်ပြချက်များအရ သိရသည်။ ၁၉၉၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အကြား တွင်
ပြည်တွင်းလည်ပတ်ငွေသည် တစ်နှစ်ပျမ်းမျှ ၁၉၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း
သိရသည်။
ပြည်သူ့ငွေစာရင်း ကော်မတီ အစီအရင်ခံစာတွင်
“ကမ္ဘာ့နိုင်ငံများ၏ Growth of Money Supply မှာ USA တွင် ၆ ဒသမ
၃ရာခိုင်နှုန်း၊ EU နိုင်ငံများတွင် ၇ ဒသမ ၁ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံတွင်
၁၇ ဒသမ ၄ ရာခိုင်နှုန်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဘဏ်စနစ်ဖွံ့ဖြိုးမှု
မရှိသေးသောကြောင့် ပြည်တွင်းလည်ပတ်ငွေ ပိုမိုလိုအပ်သော်လည်း
ပြည်တွင်းလည်ပတ်ငွေ လိုသည်ထက် ပိုမိုခြင်းသည် ငွေကြေးဖောင်းပွမှုကို
ဖြစ်စေပါသည်”ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံတော် အစိုးရများသည်
တိုင်ပြည်တိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်ခဲ့ကြရာ
မလွှဲရှောင်သာသော လိုငွေဘတ်ဂျက်စနစ်ကို နှစ်ပေါင်းများစွာ ဆက်တိုက်
ကျင့်သုံးခဲ့သည်ကို တွေ့ရှိရပြီး ဘတ်ဂျက်လိုငွေများအား ဖြည့်ဆည်းရာတွင်
အခြားသောနည်းလမ်းများကို ကျင့်သုံးရန် မဖြစ်နိုင်သဖြင့် ပြည်တွင်း
လည်ပတ်ငွေ(Money Supply)ကို တိုးမြှင့်စေသော နည်းလမ်းကို
ကျင့်သုံးခဲ့ရကြောင်း သိရှိရသည်။
နိုင်ငံခြားငွေတန်ဖိုး
မြင့်တက်ပြီး မြန်မာငွေတန်ဖိုး ကျဆင်းရာတွင် အခြေခံစိုက်ပျိုးမွေးမြူ
ထုတ်လုပ်သူများ၊ ပို့ကုန်လုပ်ငန်းရှင်များအတွက် သင့်တော်သည့်
နှုန်းတစ်ခုအထိသာ ရှိသင့်ကြောင်း၊ ထိုသို့မဟုတ်ပါက
ငွေကြေးဖောင်းပွခြင်းနှင့် ဆက်နွယ်၍ အခြေခံ ပြည်သူများကိုပါ
ဖိစီးစေနိုင်ကြောင်း ကိုလည်း သုံးသပ်ကြပါသည်။
“ကျွန်မတို့အခုမှ
လစာလေးတိုး၊ အပိုစားရိတ်ကလေး နှစ်သောင်းသုံးသောင်းရတာ နှစ်လသုံးလပဲ
ရှိပါသေးတယ်။ အပိုရတာတောင် အိမ်စားရိတ် ကာမိဖို့ ရဲရဲတင်းတင်း
ဈေးမသွားရဲသေးဘူး ထပ်ပြီးတော့ ဈေးသာတက်ရင်တော့ ဘယ်လောက်တိုးပေးတိုးပေး
ပလိုင်းပေါက်နဲ့ ဖားကောက်သလိုပဲလို့ ပြောချင်တယ်။ ကျပ်တစ်သောင်းတန်
ထွက်တုန်းကတောင် မီးဖိုချောင်က ဘယ်ပစ္စည်းဈေးထပ်တက်မလဲ ရင်တမမ ဖြစ်နေရတာ”ဟု
လှိုင်မြို့နယ်မှ အလယ်တန်းပြ ကျောင်းဆရာမတစ်ဦးက ပြောပြခဲ့သည်။
“ကျွန်တော်တို့က
ကုမ္ပဏီဝန် ထမ်းပါ၊ တစ်ရက်ကို အိမ်စားရိတ် ၁၅၀၀ ပဲ ပေးနိုင်တယ် မိသားစု ၃
ဦး အတွက်။ ကားခက တစ်လကို ကျပ် ၆၀၀၀ ကနေ ၁၀၀၀၀ လောက်ကုန်တယ်။ ရတဲ့လခက တစ်လ
၆၀၀၀၀ ရတယ်။ ကုန်ပြီ။ အပိုမရှိဘူး။ ကျွန် တော်အကြောက်ဆုံးက မီးဖိုချောင်
စားရိတ်တက်မှာကိုပဲ။ အမြဲတမ်းကြုံ ရတယ် ငွေအသစ်ထွက်ရင်၊ လစာတိုးရင်၊
ဒေါ်လာဈေးတက်ရင် ကျွန်တော် အကြောက်ဆုံး မီးဖိုချောင်စားရိတ် တက်တော့တာပဲ။
ကြည့်လည်းလုပ်ကြပါဦးလို့”ဟု ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူတစ်ဦးက
ပြောပြခဲ့သည်။
လက်ရှိ နိုင်ငံခြားငွေမြင့်တက်ခြင်းမှာ နိုင်ငံအတွင်း
အခြေခံကုန် ထုတ်လုပ်သူများနှင့် လည်ပတ်နိုင်စွမ်းမရှိသော
ပို့ကုန်လုပ်ငန်းများအတွက် မြင့်တက်သည်ဆိုက ကောင်းမွန်သည့်
အပြောင်းအလဲဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား
ဖိတ်ခေါ်ထားပြီး ရရှိထားသူက နိုင်ငံခြားငွေဝင်မလာမီ နိုင်ငံခြားငွေတန်ဖိုး
မြင့်တက်စေရန် ပူးပေါင်းကြံစည် လုပ်ဆောင်ခြင်းမျိုးကြောင့်
ပြောင်းလဲခြင်းမျိုးမဟုတ်ရန် လိုကြောင်းကိုလည်း ထောက်ပြခဲ့ကြသည်။
ကမ္ဘောဇဘဏ်
ဒုဥက္ကဋ္ဌ ဦးသန်းလွင်(ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌငြိမ်း) ကလည်း “နိုင်ငံခြားငွေလဲနှုန်း
တက်လာရင် ပို့ကုန်သမားတွေဘက်က တောင်သူတွေ၊ မွေးမြူသူတွေကို
ဈေးနှုန်းပိုပေးနိုင်တာပေါ့။ အမေရိကန် ဒေါ်လာဈေးနှုန်းက ကမ္ဘာမှာလည်း
တက်နေတော့ မြန်မာမှာလည်း တက်လာတာဖြစ်ပါတယ်။ ယူရိုနိုင်ငံတွေ ကလည်း
တစ်နိုင်ငံပြီးတစ်နိုင်ငံ ဒုက္ခ ရောက်နေတော့ ယူရိုငွေလဲနှုန်းက
အားပျော့လာတယ်။ အဲဒီတော့ အမေရိကန် ဒေါ်လာဘက်ကို စုပြုံတိုးလာတဲ့
သဘောလို့မြင်တယ်။ နောက်ပြီး လာမယ့်နှစ်တွေမှာ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေလည်း ပိုများလာနိုင်တော့ ဒေါ်လာကို
ကိုင်ထားချင်သူတွေ ပိုများနေတယ်။ ရောင်းလိုအား ထက်ဝယ်လိုအားများနေတဲ့
သဘောဖြစ်နေတယ်။ အခု အခြေအနေက ဈေးကွက်အရ ဖြစ်နေတာလို့ ယူဆတယ်။ ဗဟိုဘဏ်က
ပွင့်လင်းမြင်သာမှု မရှိတော့ သူဘာလုပ်နေလဲမသိဘူး။ တစ်ခုခုမဖြစ်ခင်လည်း
ကြိုမသိဘူး၊ ဖြစ်ပြီးမှလည်း သူလုပ်တာလား၊ သူမလုပ်ဘူးလား မသိနိုင်ဘူး။
ငွေလဲနှုန်းကို ထိန်းကျောင်းနိုင်တဲ့ အရည်အချင်းလည်း ရှိဦးမယ်မထင်ဘူး။
ဒါကြောင့် ဈေးကွက်ကိုပဲ အဓိကစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
စီးပွာရေးလုပ်ငန်းတွေအတွက် ရော အခြေခံစိုက်ပျိုး ထုတ်လုပ်သူတွေ အတွက်ပါ
အဆင်ပြေတဲ့ငွေလဲနှုန်းထား တစ်ရပ်ရှိရင်တော့ နိုင်ငံစီးပွားရေး
ပိုအတက်မြန်တာပေါ့”ဟု ပြောပြခဲ့သည်။
“တိုင်းပြည်ရဲ့ စီးပွားရေးဆိုတာ
ကိုယ့်အနီးအနားက လူတွေကိုချည်း ကြည့်ရတာမျိုး မဖြစ်သင့်ဘူးလို့ထင်တယ်။
စီးပွားရေးလောကကို ဦးဆောင်တဲ့ umfcci မှာ ဦးဆောင်တဲ့ပုဂ္ဂိုလ် အချို့
ကိုယ်တိုင်အခွန်ကို အများကြီး ရှောင်တယ်လို့ ကြားနေရတာကိုက မဟုတ်သေးဘူး။
ဒီလိုကိုယ့်အတ္တကြည့် တဲ့ လူမျိုးတွေဟာ Decision Maker တွေကို
လွှမ်းမိုးမှုရှိနေတဲ့အတွက် တိုင်းပြည်ရဲ့စီးပွားရေးအတွက် အထူးပဲ
စိုးရိမ်ပူပန်မိပါတယ်”ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ် အောင်က
ပြောပါသည်။
Eleven Media Group