ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာသော
ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် ဓါတ်ပုံ - Eleven Media Group
ဇူလိုင်လ ၄ ရက်နေ့တွင် ပြန်လည်ကျင်းပမည့် လွှတ်တော်
စတုတ္ထပုံမှန်အစည်းအဝေးတွင် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သုံးရက်ခွင့်ယူထားပြီး လွှတ်တော်
မတက်ရောက်နိုင်သေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ
ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက Eleven Media Group သို့ ဇူလိုင်လ ၁
ရက်နေ့က ပြောကြားခဲ့ပါသည်။
အသက် ၆၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်မှာ ဇွန်လ ၁၃ ရက်နေ့မှ ဇွန်လ ၂၉
ရက်နေ့အထိ ၁၇ ရက်ကြာ သွားရောက်ခဲ့သော ဥရောပငါးနိုင်ငံခရီးစဉ်အပြီး
ခရီးပန်းလာသောကြောင့် ကျန်းမာရေးအရ ထိုသို့ခွင့်ယူရခြင်းဖြစ်ကြောင်းလည်း
ဦးဥာဏ်ဝင်းက ပြောပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်လွှတ်တော်တွင် စတင်ကျင်းပမည့် ဇူလိုင်လ ၃
ရက်နှင့် ၄ ရက်၊ ၅ ရက် စုစုပေါင်း သုံး ရက် ခွင့်ယူထားခြင်းဖြစ်ကြောင်းလည်း
ဦးဥာဏ်ဝင်းက ဆက်လက်ပြောပါသည်။
''စိုးရိမ်စရာမရှိပါဘူး။ ခရီးပန်းလို့ပါ။ အခုအနားယူနေပါတယ်။ ခွင့်ရက်ပြည့်ရင်လွှတ်တော် တက်မှာပါ''ဟု ဦးဥာဏ်ဝင်းက ဆိုပါသည်။
ဥရောပငါးနိုင်ငံခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ လိုက်ပါသွားသော
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်(ခ)ဇေယျာသော်က ''ခရီးပန်းလို့
ဆိုတာထက် ခရီးစဉ်တွေကဆက်နေလို့ ခဏအနားယူဖို့ ကျွန်တော်တို့
တောင်းပန်ခဲ့တာပါ'' ဟုပြောပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်
သုံးရက်ခွင့်ယူထား၍ တက်ရောက်နိုင်ခြင်းမရှိသေးသော် လည်း
ကျန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များမှာ
ဇူလိုင်လ ၄ ရက် နေ့မှစ၍ တက်ရောက်မည်ဖြစ်ကြောင်းလည်း ဦးဖြိုးဇေယျာသော်က
Eleven Media Group ကို ပြောပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပခရီးစဉ်များအဖြစ် ဆွစ်ဇာလန်၊ နော်ဝေ၊
အိုင်ယာလန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ ဇွန်လ ၁၃ ရက်နေ့မှ ဇွန်လ
၂၉ ရက်နေ့အထိ သွားရောက်ခဲ့ပြီး ဇွန်လ ၃ဝ ရက်နေ့တွင် မြန်မာနိုင်ငံသို့
ပြန်လည်ရောက် ရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် အပါ အဝင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှအနိုင်ရလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်
မေလ ၂ ရက်နေ့တွင် ကျင်းပသော လွှတ်တော်တွင် ကျမ်းကျိန်ဆိုမှုများ
ပြုလုပ်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင်
ပါဝင်ယှဉ်ပြိုင်ခြင်းမပြုခဲ့ဘဲ ၂ဝ၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲ၌သာ
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လစ်လပ်နေရာ ၄၅ နေရာတွင် ၄၃ နေရာ
အနိုင်ရရှိခဲ့သည်။
Eleven Media Group