Searching...

ယခုပညာသင်နှစ်အတွက် စာသင်ကျောင်း လုံးဝမဖွင့်နိုင်

မောင်တောမှာ ကျောင်းအချို့ စတင်ဖွင့်လှစ်
by Mizzima - News in Burmese on Monday, August 13, 2012 at 8:40pm ·
သိန်းလှိုင် | တနင်္လာနေ့၊ သြဂုတ်လ ၁၃ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၂၃ မိနစ်

စစ်တွေ (မဇ္ဈိမ) ။ ။ ဇွန်လအတွင်း ဆူပူအကြမ်းဖက်မှုများကြောင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်မြို့ဖြစ်သည့်
မောင်တောမြို့တွင် ယခုပညာသင်နှစ်အတွက် စာသင်ကျောင်း လုံးဝမဖွင့်နိုင်ဘဲ ရှိနေခဲ့ရာမှ မြို့ပေါ်အထက်တန်း
ကျောင်း အပါအ၀င် ကျောင်း ခုနှစ်ကျောင်းကို တနင်္လာနေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

ပုံမှန်အားဖြင့် ကျောင်းများကို ဇွန်လဆန်းပိုင်းများတွင် ပညာသင်နှစ် စတင်လေ့ ရှိသော်လည်း ၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် ထိုကျောင်းများကို ယခုမှသာ စတင်ဖွင့်လှစ်နိုင်ခြင်း ဖြစ်ပြီး ကျောင်းအများစုမှာ ယခုထိတိုင် လူံခြုံရေးအခြေအနေကြောင့် ဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။

“ဒီနေ့ ဖွင့်လိုက်တဲ့ ကျောင်းတွေကတော့ မြို့ပေါ် အထက၊ အမက(၁)၊ အမက(၃)၊ အမက(၄)၊ လေးမိုင် အလက(၂)၊ ကျီးကန်းပြင် အလက၊ အောင်ဗလ(အမက) တို့ ဖြစ်ပါတယ်” ဟု မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တဦးက
ပြောသည်။

လုံခြုံရေး အခြေအနေ ကောင်းမွန်ပါက ဆက်ဖွင့်သွားမည်ဟု ရခိုင်ပြည်နယ် ပညာရေးမှူး (စစ်ဆေးရေး) ဦးလှစိန်ထွန်း က ပြောသည်။

အသေအပျောက်များသော လူမှုအဖွဲ့ပဋိပက္ခ အရေးအခင်းအတွင်း မောင်တောမြို့နယ်၌ ကျောင်း ငါးကျောင်း မီးရှို့ဖျက်ဆီးခံရကာ မူလတန်းကျောင်းအုပ် ဆရာတဦး အသက် ဆုံးရှုံးခဲ့ရပြီး ဆရာဆရာမ အဆောင်များလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ရခိုင်ပြည်နယ်တခုလုံးတွင် ကျောင်းပေါင်း ၃၄၂ ကျောင်း ဖွင့်လှစ်ရန် ကျန်ရှိနေသေးရာ မောင်တောမြို့နယ်မှ ၁၅၂ ကျောင်း၊ ဘူးသီးတောင်မြို့နယ်မှ ၁၄၃ ကျောင်း၊ စစ်တွေမှ ၂၂ ကျောင်း၊ ကျောက်တော်မှ ၁၅ ကျောင်း၊ ရသေ့တောင်မှ ၁၀ ကျောင်း ဖွင့်လှစ်ရန် ကျန်ရှိနေသေးသည်။
 
အပေါ်သို့!