Searching...

“မိုဘိုင်းဖုန်းများအတွက် e-Topup ကတ်စနစ်ကို အသုံးပြုရန် စီစဉ်”


By Internet Journal 8 May, 2012 - 17:05

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ကြိုတင်ငွေပေးကတ် စနစ်များကို မူလပုံစံမှ e-To pup ကတ်စနစ် ပုံစံသို့ ပြောင်းလဲ ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောသည်။

အဆိုပါ e-To pup ကတ်စနစ်မှာ ကြိုတင်ငွေပေးကတ် ဖြည့်သွင်းရာတွင် ပုံမှန် ရိုက်သွင်း၍ ကုတ်နံပါတ် ထည့်သွင်းမှုအစား အီလက်ထရွန်နစ် နည်းပညာဖြင့် အလွယ်တကူ ထည့်သွင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။

“အခုလက်ရှိ ဖြည့်သွင်းနေတဲ့ ကြိုတင်ငွေပေးကတ်တွေကို တချို့လူတွေ မသွင်းတတ်တာလည်း ရှိတယ်။ e-To-pup ကတ်စနစ်က ဆိုင်မှာ စက်နဲ့တစ်ခါတည်း ထည့်သွင်းပေးလိုက်ရုံပါပဲ” ဟု ၎င်းက ပြောသည်။


ပြည်တွင်း အသုံးပြုလျက်ရှိသော GSM ကြိုတင် ငွေပေးကတ်စနစ်သုံး ဖုန်းများတွင် တစ်သောင်းတန်၊ သုံးသောင်းတန် To-pup ကတ်ဟူ၍ နှစ်မျိုး ခွဲခြားထားပြီး ယခုစီစဉ်နေသည့် e-To-pup စနစ်ကိုလည်း ၎င်းပုံစံအတိုင်းပင် တစ်သောင်းတန်နှင့် သုံးသောင်းတန်ဟူ၍ နှစ်မျိုး ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငွေဖြည့်သွင်းလိုသူများ အနေဖြင့် မိုဘိုင်းဖုန်းဆိုင်သို့ လာရောက်ကာ မိမိဖြည့်သွင်းမည့် ငွေ (amount) ပမာဏကို ကောင်တာသို့ ပြောရုံဖြင့် ကောင်တာမှ တာဝန်ရှိသူက e-To-pup စက်ကို အသုံးပြုကာ ငွေဖြည့်သွင်းပေးမည် ဖြစ်သည်။

၎င်း e-To-pup ကတ်ကို မိုဘိုင်းဖုန်းများ ရောင်းချပေးလျက်ရှိသော ဆိုင်များတွင် အလွယ်တကူ ထည့်သွင်းနိုင်မည် ဖြစ်သည်။ ပြည်တွင်း၌ အသုံးပြုလျက်ရှိသော ဖုန်းများတွင် ကြိုတင်ငွေပေးကတ် အသုံးပြုသော ဖုန်းများအတွက် To-pup ကတ် အမျိုးအစားသုံးမျိုး ခွဲခြားထားကြောင်း၊ ၎င်းတို့မှာ GSM ဖုန်းများအတွက် ကြိုတင်ငွေပေးကတ်၊ CDMA ဖုန်းများ အတွက် ကြိုတင်ငွေပေးကတ်နှင့် အော်တိုဖုန်းများအတွက် ကြိုတင်ငွေပေးကတ်တို့ ဖြစ်ကြောင်း သိရသည်။

GSM နှင့် CDMA ဖုန်းများအတွက် ကြိုတင်ငွေပေးကတ်များကို နီးစပ်ရာ မိုဘိုင်းဆိုင်များတွင် အလွယ်တကူ ဝယ်ယူနိုင်ပြီး အော်တိုဖုန်းများအတွက် ကြိုတင်ငွေပေးကတ်များကို သတ်မှတ်အရောင်းဌာနများတွင်သာ ဝယ်ယူနိုင်သေးကြောင်း သိရသည်။
 
အပေါ်သို့!