Searching...

“မိုဘိုင်းဖုန်းများတွင် အင်တာနက်အသုံးပြုရန် လျှောက်ထားသူ များပြားလျက်ရှိ”



By Pyi Myanmar 8 May, 2012 - 18:20

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ မိုဘိုင်းဖုန်းများတွင် အင်တာနက် အသုံးပြုမှုကို ၇-၅-၂၀၁၂ ရက်က စတင် ချထားပေးခဲ့ပြီး ထိုရက်မှာပင် လျှောက်ထားသူ များပြားခဲ့ကြောင်း သိရသည်။

မိုဘိုင်းဖုန်းတွင် အင်တာနက် အသုံးပြုခ နှုန်းထားများမှာ GSM 2.7G တွင် တစ်မိနစ်လျှင် နှစ်ကျပ်နှင့် CDMA 800 EVDO, WCDMA 3G ဖုန်းများတွင် တစ်မိနစ်လျှင် လေးကျပ် ပေးဆောင်ရမည်ဖြစ်သည်။

“ဖုန်းနဲ့ အင်တာနက်လိုင်း သုံးရမယ်ဆိုတော့ ကောင်းပါတယ်။ နေ့ခင်း ၁ နာရီလောက် အထိတောင် အင်တာနက် လာလျှောက်သူတွေ များပါတယ်။ ဒါပေမဲ့ လျှောက်ထား ပြီးပြီးချင်းတော့ အင်တာနက်လိုင်း အသုံးပြုလို့ မရသေးပါဘူး” ဟု ရန်ကုန် စာတိုက်ကြီးတွင် အင်တာနက်လိုင်း လာရောက် လျှောက်ထားသူ တစ်ဦးကဆိုသည်။

“လောလောဆယ်တော့ အသုံးပြုလို့ မရသေးဘူး။ လျှောက်ထားပြီး နှစ်ရက်၊ သုံးရက်လောက်နေမှ လိုင်းဖွင့်ပေးမှာပါ” ဟု ဆက်သွယ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လောလောဆယ်တွင် အင်တာနက် အသုံးပြုမှုကို ဆက်သွယ်ရေးမှ ချထားပေးသော မိုဘိုင်းဖုန်းအားလုံးကို အသုံးပြုခိုင်းပါက လိုင်းကျပ်မည့် ပြဿနာများ ရှိနေသေးသည်။

ထို့ကြောင့် သတ်မှတ်ထားသည့် လိုင်းအရေအတွက်ကိုသာ ဦးစွာ ချထားပေးမည်ဖြစ်ပြီး နောက်ပိုင်းမှသာ တဖြည်းဖြည်း လိုင်းတိုးချဲ့ကာ ပေးဆောင် အသုံးပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ ဆက်သွယ်ရေး စာတိုက်ကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုဘိုင်းဖုန်းတွင် အင်တာနက် လျှောက်ထားရန် ဖုန်းပိုင်ဆိုင်ကြောင်း စာချုပ်နှင့် မှတ်ပုံတင်မိတ္တူ လိုအပ်မည်ဖြစ်ပြီး အလုံဆက်သွယ်ရေးရုံး၊ ရွှေဂုံတိုင် ဆက်သွယ်ရေးရုံး၊ လမ်း ၄၀ ဆက်သွယ်ရေးရုံး၊ ပန်းဆိုးတန်း ဆက်သွယ်ရေးရုံး၊ ရန်ကုန်စာတိုက်ကြီးနှင့် Elite ဖုန်းအရောင်းဆိုင်များတွင် လျှောက်ထားနိုင်ကြောင်း သိရသည်။
 
အပေါ်သို့!