လာလစ် ကေဂျာ| September 18, 2012 |
အခြေခံ ခိုင်မာပြီးဖြစ်သော အမေရိကန်ပြည်ထောင်စု၏ ဒီမိုကရေစီစနစ်၊ အမေရိကန် လွှတ်တော်နှင့် ဥပဒေပြု လုပ်ငန်းများကို လေ့လာခွင့် ရခဲ့သော မြန်မာ ပါတီစုံ လွှတ်တော် ကိုယ်စားလှယ်များက ရရှိခဲ့သော သင်ခန်းစာများကို အခြေတည်စ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် အသုံးချမည်ဟု ပြောဆိုလိုက်သည်။
လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ
ဦးတီခွန်မြတ်က အမေရိကန် အတွေ့အကြုံများကို မြန်မာလွှတ်တော်သို့ အစီရင်ခံစာ
တင်သွင်းမည်ဖြစ်ကြောင်း၊ ယင်းအစီရင်ခံစာတွင် တွေ့ကြုံလေ့လာရသမျှနှင့်
အမေရိကန် ဒီမိုကရေစီစနစ် ရှုထောင့်မှအမြင်တို့ ပါဝင်မည်ဖြစ်ပြီး အထူးသဖြင့်
လွှတ်တော်နှစ်ရပ်ပေါင်း ကွန်ဂရက်အနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်  စနစ်တို့ ပါဝင်မည်ဖြစ်ကြောင်း ပြောသည်။
“ကမ္ဘာကြီး ဘယ်လို ပြောင်းလဲနေတယ် ဆိုတာရယ်နဲ့ ကျနော်တို့ ဘယ်လို အပြောင်းအလဲတွေ နိုင်ငံမှာ လုပ်လို့ ရနိုင်တယ်ဆိုတာကို လွှတ်တော် အမတ်တွေကို လေ့လာစေပါတယ်” ဟု ဦးတီခွန်မြတ်က ဧရာဝတီသို့ ပြောသည်။
မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန် ဆီးနိတ်တာများနှင့်လည်း တွေ့ဆုံခဲ့ပြီး ကွန်ဂရက် ကော်မတီများနှင့်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
“ခရီးစဉ်က အတော်ကို အကျိုးရှိပါတယ်။ နေရာတိုင်းက နွေးနွေးထွေးထွေး ကြိုဆိုကြပြီး လေ့လာစရာတွေလည်း အများကြီးပါ” ဟု ဦးတီခွန်မြတ်က ဆိုသည်။