Searching...

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တရုတ်ဘုံကျောင်း

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တရုတ်ဘုံကျောင်းက နှစ်စဉ် ၀ါခေါင်လရောက်တိုင်း ပြုလုပ်တဲ့ တရုတ်ရိုးရာ တစ္ဆေကြီးပွဲမှာ ဆန်ထုပ်တွေ လှူဒါန်းပေးဝေရာမှာ ဆန်ထုပ် လာယူသူ မြန်မာပြည်သား တစ်သောင်းကျော် ရှိတယ်လို့ သိရှိရပါတယ်။

အဲဒီပွဲမှာ ဆန်အပါဝင် အသင့် စားစရာတွေထည့်ထားတဲ့ အထုပ်တွေကို လာရောက် သူတိုင်းကို ပေးဝေခဲ့တာ ၄၃ နှစ်ရှိပြီဖြစ်ပြီး အဓိက
မြန်မာပြည်သားတွေ လာရောက်ယူတာ များတယ်လို့ မဲဆောက် တရုတ်ဘုံကျောင်း

ဥက္ကဋ္ဌ စူချက်တီရ၀ပ်ထနာက ပြောပါတယ်။

ပေးလှူတဲ့ အထုတ်တထုတ်စီမှာ ဆန် (၅)ကီလို၊ ငါးသေတ္တာတလုံး၊ ငါးပိတဗူး အသင့်စားစရာ ခေါက်ဆွဲခြောက် မားမား (၂) ထုပ်နဲ့ ပိတ်စ တမစ်စ တစလည်းပါကြောင်း၊ တထုပ်ကို ဘတ်ငွေ တန်ဖိုး (၂၀၀) ရှိပြီး အားလုံး အထုပ်ပေါင်း (၁သောင်း နှစ်ထောင်) ပေးလှူဖို့စီစဉ်ထားကြောင်း၊ လူမျိုးဘာသာ မခွဲခြားဘဲ ပေးလှူမှာဖြစ်ပြီး အဓိက မဲဆောက်ဒေသ
တွင်းရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ မဲဆောက် တဘက်ကမ်း မြ၀တီဘက်က လူတွေလည်း လာရောက်တာ များတယ်လို့
ပြောဆိုသွားပါတယ်။

နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း စီးပွားရေးအဆင်မပြေလို့ ဆင်းရဲတဲ့သူတွေ
များလာတဲ့အတွက် ဆန်ထုပ်တွေ များများလှူဖို့ မဲဆောက်ရှိ တရုတ်
ဘုံကျောင်းအပြင် တရုတ်ပရဟိတ အသင်းက ပါဝင်ပြီး စုပေါင်းလှူဒါန်းတယ်
လို့လည်း ဘုံကျောင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

မြ၀တီမြို့ အမှတ် (၄)ရပ်ကွက်က အိမ်ရှင်မတဦးကတော့ ခင်ပွန်းဖြစ်သူ တပ်သားဟောင်း ဒုက္ခိတ ဖြစ်နေတဲ့အတွက် စားဝတ်နေရေးအဆင်မပြေလို့ အရွယ်မရောက်သေးတဲ့ သားသမီးတွေကိုပါ ခေါ်ပြီး မိသားစုလိုက် လာယူရတာဖြစ်ကြောင်း အခုလိုပြောပါတယ်။

"သားအမိလေးယောက်ဆိုတော့ ရှစ်ပြည်လောက်ရတယ်။ ရှစ်ပြည်ဆိုရင် ကိုယ့်မိသားစု (၈)ရက် (၉)ရက်လောက်စားရတာပေါ့။ အဲ့ဒီအတွက်ကြောင့်
လာတာ။ ခုက မယူလို့လဲ မဖြစ်တဲ့အတွက်ကြောင့်လာကြတွေချည်းပဲ။ မိုးတွင်းဆိုတော့ပိုဆိုးသေးပေါ့ မငတ်ယုံတမယ်ပေါ့ ။ ဒီလိုပဲ ရပ်တည်နေရတာပေါ့။ ဘယ်လိုလုပ်မလဲ။ အော် စိတ်တော့မကောင်းဘူးပေါ့။ သူများပေးတာ ဆိုတော့လာယူတာ မယူတော့မယူချင်ဘူးပေါ့။"

ဆန်လှူပွဲကို မဲဆောက်ဒေသတွင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေနဲ့ မဲဆောက် တဖက်ကမ်းမြ၀တီမြို့က မြန်မာပြည်သားတွေ အများဆုံး လာရောက်ကြတာဖြစ်ပါတယ်။

အမျိုးသမီးအများစုနဲ့အတူ ကလေးငယ်တွေနဲ့ မြ၀တီမြို့ဖက်ကဆိုရင်
ဖွားသီလရှင် ဆရာလေး (၁၂)ပါးလောက် ပါဝင်တာကို တွေ့ရပြီး စုစုပေါင်း လူဦးရေ တစ်သောင်းကျော်ရှိ ကြောင်း သိရပါတယ်။
 
အပေါ်သို့!