Searching...

ဇေကမ္ဘာကုမ္ပဏီအရေး မှန်ကန်တဲ့စစ်ဆေးမှုအတွက် လယ်သမားများ တောင်းဆို



ရန်ကုန်တိုင်း မင်္ဂလာဒုံ စက်မှုဇုန်တိုးချဲ့နယ်မြေအတွင်း ဝင်ရောက်တယ်ဆိုပြီး ဇေကမ္ဘာကုမ္ပဏီရဲ့ တားမြစ် ကန့်ကွက်မှု ခံထားကြရတဲ့ မင်္ဂလာဒုံမြို့နယ် ၊ ဆင်ဖုံကျေးရွာနဲ့ သင်္ဃန်းကျွန်းကြီးကျေးရွာက လယ်သမား(၇၅) ဦးဟာ ထောက်ကြံ့မြို့မှာရှိတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ရုံးချုပ်
ရှေ့မှာ ဒီကနေ့ နေ့လည်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်ပွဲနဲ့အတူ လယ်သမားတွေ ၊ လယ်သမား ကိုယ်စားလှယ်တွေနဲ့ လယ်သမားတွေအရေး လိုက်ပါကူညီပေးသူတွေဟာ ဒီကနေ့ မတူကွဲပြားခြင်းနဲ့ငြိမ်းချမ်းရေးပါတီရုံးချုပ်မှာ အစည်းအဝေးကျင်းပခဲ့ပြီး ရှေ့ဆက်လုပ်ဆောင်မယ့်ကိစ္စတွေကို တိုင်ပင်ဖလှယ်တယ်လို့ လယ်သမားတွေဘက်က ကူညီဆောင်ရွက်ပေးနေတဲ့ ဒေါ်ထက်ထက်ဦးဝေက RFA ကို ပြောပြပါတယ်။

ဇေကမ္ဘာကုမ္ပဏီနဲ့လယ်သမားတွေကြားမှာဖြစ်ပေါ်တဲ့ လယ်ယာမြေပိုင်ဆိုင်မှု ပြဿနာနဲ့ပတ်သက်ပြီး မှန်မှန်ကန်ကန် ထပ်မံစစ်ဆေးပေးနိုင်မယ့် စစ်ဆေးရေး အဖွဲ့အစည်းမျိုး လိုအပ်နေတယ်လို့ လယ်သမားတွေက ပြောပါတယ်။

အဲဒီ့လို အဖွဲ့အစည်းမျိုးက လာရောက်ဖြေရှင်း မပေးမချင်း နောက်ထပ် ဆန္ဒထုတ်ဖော်နေဦး မှာဖြစ်သလို ဇေကမ္ဘာ ကုမ္ပဏီအနေနဲ့တရားစွဲ
လာရင်လည်း ပြန်လည် ရင်ဆိုင်မှာ ဖြစ်တယ်လို့ လယ်သမားတွေက
ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ် အမှတ် (၃) လမ်းမကြီး ဘေးတလျှောက်မှာ ရှိတဲ့ ကွင်းအမှတ် (၅၃၄ ဘီ) ၊ (၅၃၄ စီ) ၊ (၄၀၇ ဘီ) အစရှိတဲ့ ကွင်းတွေက လယ်မြေတွေအတွက် လယ်သမား(၇၅) ဦးရဲ့ ဒီကနေ့ ဆန္ဒဖော်ထုတ်ပွဲကို
ထောက်ကြံ့မြို့မှာရှိတဲ့ မတူကွဲပြားခြင်းနဲ့ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေက ဦးဆောင်စီစဉ်ပေးခဲ့တာဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် မထက်ထက်ဦးဝေက ညှိနှိုင်းမှုရေးရာပိုင်း ဆိုင်ရာအတွက် လိုက်လံ ကူညီပေးခဲ့တာလို့ သိရပါတယ် ။

ဆန္ဒထုတ်ဖော်မှုကို ဒီကနေ့ နေ့လည် (၁၂)နာ၇ီကနေ မွန်းလွဲ (၂) နာရီထိ ပြုလုပ်ခဲ့ပြီး ရဲလုံခြုံရေးအင်အား (၂၀) လောက် အနီးအနားမှာ အသင့်လာရောက်နေတာကိုတွေ့ရတယ်။ ဒီကနေ့ ဆန္ဒဖော်ထုတ်မှုအတွက် လူဦးရေ (၇၅) ယောက်သာ စုရုံးဆန္ဒပြခွင့်ရခဲ့တယ်လို့ သိရပါတယ်။
 
အပေါ်သို့!