Searching...

ကချင်ဒုက္ခသည်များ အတွက် အမည်မသိ ဇနီးမောင်နှံမှ လက်ထပ် ရွှေလက်စွပ် ပေးလှူ


3 November 2012

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင်း KBC ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ အမျိုးသားဌာန၏ သမ္မာကျမ်းစာ သင်ကြား ခြင်း အစီစဉ်တစ်ခုတွင် အမည်မသိ ဇနီးမောင်နှံမှ မင်္ဂလာ ရွှေလက်စွပ် တစ်ကွင်း ကချင်ဒုက္ခသည်များအတွက် လှူဒါန်း ခဲ့သည်။ ၁ နှစ် ၁ ကြိမ်ပြုလုပ်သည့် အမျိုးသားကော်မတီအဖွဲ့များ ဆယ်ဖို့တစ်ဖို့ (ခရစ်ယာန်ကျမ်းစာ၌ပါသော မိ

မိဥစ္စာ ပစ္စည်းထဲမှ ၁၀ ပုံ ၁ပုံအား ပေးလှူခြင်း) နှင့် ပေးကမ်းလှူဒါန်းခြင်းနှင့်ပတ်သက်၍ ဟောပြောသင်ကြားပေးသည့် အစီစဉ် ပြုလုပ်ခဲ့ရာတွင် ဘုရားကျောင်းရှိ ကချင်စစ်ပြေးဒုက္ခစခန်း၏ အလှူခံပုံးထဲ၌ ထူးဆန်းစွာဖြင့် စာအိတ်တွင် ရွှေလက်ထပ် လက်စွပ်တစ်ကွင်းကို လက်ခံရရှိခြင်းဖြစ်သည်။
...၀ိုင်းမော်မြို့နယ် ဖုန်မိုင်ယန် (Hpung Mai Yang) ရပ်ကွက် အူရားယန် (U Ra Yang) ကျေးရွာတွင် ခရစ်ယာန်ဆရာများမှ ဆယ်ဖို့တစ်ဖို့အကြောင်း သွန်သင်ဟောပြောခဲ့စဉ် ဒုက္ခသည်အတွက်အလှူခံပုံးမှ ဤကဲ့သို့တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါစာအိတ်ပေါ်တွင် “ကျနော်တို့မိသားစုက အရမ်းဆင်းရဲတယ် ဘာမှမရှိပါဘူး။ ဒါပေမယ့် တို့ နှစ်ယောက် ရဲ့ လက်ထပ်လက်စွပ်ကို အလှူငွေထည့်လိုက်ပါတယ် လက်ခံပေးပါအဖဘုရား။” ဟု ကချင်ဘာသာဖြင့် ရေးထားခြင်း ဖြစ်ကြောင်း ထိုကျေးရွာတွင် ဟောပြောသွန်သင်ရန် တာဝန်ကျသည့် သိက္ခာတော်ရ ဆရာ ခန်းဒူဘရန်ရှောင် (Hkangdu Brang Shawng) က KNG ကချင်သတင်းဌာန သို့ပြောသည်။

“ဝတ်ပြုအစည်းဝေးမှာ ကချင်စစ်ပြေးဒုက္ခသည်များ ဘယ်လို ခက်ခဲနေတဲ့အကြောင်းတွေပြောပြတယ်။ ဒီနေ့ ကျွန်တော်တို့ ကချင်အမျိုးသားအချင်းချင်း ဘယ်လို ကူညီရမယ့်အကြောင်း၊ ကျနော်တို့မှာ ဘယ်လောက် တာဝန်ရှိတယ်။ နိုင်ငံခြားမှာ ရှိနေတဲ့ ကချင်အမျိုးသားများလည်း ကချင်ဒုက္ခသည်များအတွက် ဘယ်လို ကူညီနေတယ်။ ဒီနေ့ ကျွန်တော်တို့ အားလုံး ပါဝင်ရမယ့်အကြောင်း KBC ကနေ ဘယ်လိုဘယ်တာဝန်ယူ ကူညီနေတဲ့အကြောင်းတွေပြောပြတယ်။” ဟု သိက္ခာတော်ရ ဆရာ ခန်းဒူဘရန်ရှောင် KNG ကချင်သတင်းဌာနသို့ပြောသည်။

ဆရာများအဖွဲ့ခွဲပြီး သင်ကြားပေးခြင်းတွင် အူရားယန် (U Ra Yang) ကျေးရွာတွင် ဝိုင်းမော်မြို့နယ် နမ်ဝါ (Namwa) ကျေးရွာမှ စစ်ပြေးဒုက္ခသည်ကော်မတီ သိက္ခာတော်ရ ဆရာခန်းဒူဘရန်ရှောင် (Hkangdu Brang Shawng) နှင့် ဆရာ ကွမ်ထွယ် (Kum Htoi) တို့ အလှည့်ကျ ဟောပြော သွန်သင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဥရာယန် (U Ra Yang) ကျေးရွာတွင် အိမ်ခြေ ၄၀ ကျော်ရှိပြီး ထိုဟောပြောသင်ကြားသည့်နေ့တွင် ဒေသခံများ ဘုရား ကျောင်းသို့ ၆၀ ကျော်တက်ရောက်ရှိပြီး စစ်ပြေးဒုက္ခများအတွက် အလှူငွေများ ပေးလှူခြင်းဖြစ်ကြောင်းသိရသည်။
မည်သည့် မိသားစုမှ ပေးလှူကူညီခြင်းဖြစ်ကြောင်း မသိသော်လည်း ကချင်အမျိုးသားဒုက္ခသည်များ အတွက် လှူဒါန်းရန် ငွေကြေးမတတ်နိုင်သောကြောင့် အလှူရှင်မိသားစုမှ ၄င်းတို့ အမြတ်တနိုး သိမ်းထားသော မင်္ဂလာလက်ထပ်လက်စွပ်အား ဒုက္ခသည်များအတွက် လိုအပ်သည့်နေရာတွင် အသုံးပြုနိုင်ရန် လှူဒါန်းသွားခဲ့ဖြစ်ကြောင်းသိရသည်။

ထိုအစီစဉ်တွင် စစ်ပြေးဒုက္ခသည်များအတွက် အလှူငွေကောက်ခံထားသည့် ပုံးတွင် ထိုစာအိတ်ကို တွေ့ရှိရခြင်းဖြစ်ပြီး ဟောပြောသင်ကြားခြင်းသည် စက်တင်ဘာ ၂၂ မှ ၂၃ ရက်ထိ ၂ ရက်ပြုလုပ်ခဲ့သည်။
ဒုက္ခသည်များအတွက် လက်ခံရရှိသည့် ၄င်းမင်္ဂလာရွှေလက်စွပ်တစ်ကွင်းနှင့် အလှူငွေကျပ် ၄၄၈၀ ရရှိပြီး သက်ဆိုင်ရာ စစ်ပြေးဒုက္ခသည် ကော်မတီတာဝန်ခံထံ ပေးအပ်ခဲ့ကြောင်းသိရသည်။ KBC ကချင်နှစ်ခြင်းအဖွဲ့ချုပ်မှ ဟောပြော သင်ကြား ခြင်း အစီစဉ်နှင့်အတူ ကချင်စစ်ပြေးဒုက္ခသည်များကို လည်း ဝိုင်းမော်၊ ချီဖွေ၊ ဗန်းမော်၊ ရှမ်းပြည်၊ မြစ်ကြီးနားနှင့် ဖားကန့် ဒေသများတွင် ကူညီပေးနေကြောင်း သိရသည်။
 
အပေါ်သို့!