Searching...

ချဲလ်ဆီး ပွဲစဉ်များ အား သပိတ်မှောက် ရန် ကွင်းလယ်ဒိုင် အချို့ စီစဉ်နေကြ



Monday, 05 November 2012

ပရီးမီးယားလိဂ် တာဝန်ရှိ ဒိုင်အချို့သည် ချဲလ်ဆီး အသင်း၏ ပွဲစဉ်များအား တာဝန်ယူ ကိုင်တွယ်ခွင့်ကို ငြင်းဆန်ရန် စီစဉ်နေကြသည်။

ကွင်းလယ်ဒိုင် အချို့သည် လက်ရှိ တွေ့ကြုံနေရသော အခက်အခဲ များကို စိတ်ပျက်နေကြပြီး ချဲလ်ဆီး ပွဲစဉ်များကို တာဝန်ယူသွားခြင်း မပြုလုပ်ရန် ဆွေးနွေးမှု များလည်း ပြုလုပ်ခဲ့ကြပြီး ဖြစ်သည်ဟု ဆိုသည်။ ပရီးမီးယားလိဂ် ကွင်းလယ်ဒိုင်ဟောင်း ဖြစ်သူ ဝိုက်စ်၏ အဆိုအရ အဆိုပါ ပုဂ္ဂိုလ်များသည် မက်ကလက်တန်ဘာ့ဂ် တွေ့ကြုံခဲ့ရသည့် ပြဿနာများနှင့် ပတ်သတ်ပြီး စိတ်ပျက် နေကြ သည်ဟု ဆိုသည်။ ချဲလ်ဆီး အသင်းသည် ကလက်တန်ဘာ့ဂ် အား ကွင်းလယ်လူ မီကေးလ်ကို မသုံးနှုန်းသင့်သည့် စကားလုံးများဖြင့် တိုက်ခိုက် သွားခဲ့သည်ဟု စွပ်စွဲမှု ပြုလုပ် ထားပြီး ကလက်တန်ဘာ့ဂ် ကိုယ်တိုင်ကမူ ငြင်းဆန်ထားသည်။

ထို့အပြင် ကွင်းလယ်ဒိုင်လူကြီး များသည် လူမျိုးရေးခွဲခြားသော ပြဿနာများနှင့် ပတ်သတ်၍ FA နှင့် PFA တို့၏ ကိုင်တွယ်ပုံကိုလည်း သဘောကျခြင်း မရှိဟု ဆိုသည်။ ဝိုက်စ် က “ကျွန်တော် အခုချိန်ထိ ကွင်းလယ်ဒိုင် တော်တော် များများနဲ့ ပေါင်းသင်းဆက်ဆံ နေတုန်း ပါပဲ။ သူတို့တွေဟာ ကလက်တန်ဘာ့ဂ် ကြုံတွေ့ခဲ့ရတဲ့ ပြဿနာ နဲ့ ပတ်သတ်ပြီး စိတ်ခံစားချက် ကြီးကြီးမားမား ဖြစ်နေကြ ပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သတ်ပြီးတော့ပဲ ချဲလ်ဆီး အသင်း ပွဲစဉ်တွေကို တာဝန်မယူပဲ သပိတ်မှောက်ဖို့ တိုင်ပင်နေကြပါတယ်။” ဟု ပြောကြားသည်။

ဆက်လက်ပြီး ဝိုက်စ် က “သိထားရမှာက ချဲလ်ဆီး အသင်း ကွင်းလယ်ဒိုင်တွေ ကို ပစ်မှတ်ထားခဲ့တာ ဒါ ပထမဆုံးအကြိမ် မဟုတ်တော့ ပါဘူး။ အန်ဒါဖရစ်၊ ဂရေဟမ်ပူးလ် တို့နဲ့လည်း သူတို့တွေ ပြဿနာ ရှိခဲ့ပြီး ပါပြီ။ ဒါ့ကြောင့် အချို့ ဒိုင်တွေက ချဲလ်ဆီးနဲ့ ပတ်သတ်ပြီး စိတ်ရှည်မှု လုံလောက်သွားပြီလို့ ယူဆနေကြ ပါပြီ။” ဟု မှတ်ချက်ပြု ခဲ့သည်။ ဆွီဒင် ကွင်းလယ်ဒိုင်လူကြီး ဖရစ် သည် ၂၀၀၅ ခုနှစ် ဘာစီလိုနာ နှင့် ချဲလ်ဆီး အသင်းတို့၏ ပွဲစဉ်တွင် ဒီဒီယာ ဒရော့ဘာ ကို ထုတ်ပယ် ခဲ့၍ အသက်အန္တရာယ် ခြိမ်းခြောက်မှုများနှင့် ကြုံတွေ့ခဲ့ရပြီး ကွင်းလယ်ဒိုင် အဖြစ်မှ အနားယူခဲ့ရသည် အထိ ဖိအားများနှင့် ရင်ဆိုင် ခဲ့ရသည်။

ထို့အပြင် အသက် ၅၇နှစ်အရွယ် ဝိုက်စ်သည် ပရီးမီးယားလိဂ် ရှိ ဒိုင်များ သည် ထောက်ခံမှု နည်းပါး လွန်းပြီး အထီးကျန်ဆန်လွန်း ကြောင်း ဖွင့်ဟ ဝန်ခံ ခဲ့သည်။ “အင်္ဂလန် က ဒိုင်လူကြီးတွေ စိတ်ဓါတ်ကျနေတာမျိုး မရှိဘူး ဆိုရင် ပုံကြီးချဲ့ ရာရောက် ပါမယ်။ သူတို့ဟာ အရမ်းကို စိတ်ပျက်နေကြ ပါတယ်။ သူတို့ဟာ အရမ်း အထီးကျန်ဆန်ပြီး ဘာထောက်ခံမှု၊ ဘာပံ့ပိုးမှု မှ မပိုင်ဆိုင် ကြပါဘူး။ သူတို့ဟာ သူတို့ရဲ့ ခံစားချက်တွေကို ပြောပြပြီး သူတို့ကိုယ်ကို ကာကွယ်ချင်ပေမယ့် ကြောက်ရွံ့ နေကြပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ရဲ့ ခံစားချက်တွေကို ဖွင့်ဟ လိုက်ခြင်းအားဖြင့် အလုပ် ပြုတ်သွားနိုင် လို့ပါပဲ။ ဒါတွေကို FA, PFA, အသင်းတာဝန်ရှိသူတွေ၊ ကစားသမားတွေ အားလုံးနဲ့ တစားပွဲတည်းထိုင် ဆွေးနွေးပြီး အလျင်အမြန် ဖြေရှင်းဖို့ သူတို့တွေ အလိုရှိနေကြ ပါတယ်။” ဟု ဝိုက်စ် က ပြောကြား ခဲ့သည်။
 
အပေါ်သို့!