Searching...

Sunkist အချိုရည် မြန်မာပြည်တွင် စတင်ထုတ်လုပ် ဖြန့်ချိ


Thursday, 06 December 2012

အမေရိကန်အခြေစိုက် Sunkist Growers Incorporated ၏ တရားဝင် ထုတ်လုပ်ဖြန့်ချိခွင့်လိုင်စင်အား မြန်မာ နိုင်ငံတွင် စက်တင်ဘာလ ၂၁ ရက်နေ့က Myanmar DistributionGroup Company Limited (MDG) ကုမ္ပဏီက ရရှိခဲ့ရာ မြန်မာနိုင်ငံထုတ် Sunkist အချိုရည်များအား ဒီဇင်ဘာလမှ စတင်ခါ ဖြန့်ချိနေပြီဖြစ်ကြောင်း အဆိုပါကုမ္ပဏီ ၏ မန်နေဂျင်း
ဒါရိုက်တာ

ဦးအောင်မော်သိမ်းက ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

"ဒီလို ကမ္ဘာ့နာမည်ကြီးတံဆိပ်ကို မြန်မာပြည်မှာထုတ်ခွင့်ရတဲ့အတွက်
မြန်မာပြည်ကကျွန်တော်တို့လည်း အလုပ် လုပ်ခွင့် ရတယ်။ စားသုံးသူတွေလည်း ပစ္စည်းမှန်ဈေးမှန်နဲ့ရောင်းချနိုင်လို့လည်း
ကျွန်တော်တို့ ၀မ်းသာတယ်။ အရင်တုန်းက မလေးရှားက၀င်တဲ့Sunkist အချိုရည်တွေကျတော့ ဈေးကြီးတယ်။ တစ်ဘူးကို ၇၀၀ ကျော် ၈၀၀ လောက်
ပေးပြီး ၀ယ်သောက်ရတယ်။ အခုကျွန်တော်တို့ဆီမှာ ကိုယ်တိုင် ထုတ်လုပ်နိုင်တဲ့အခါကျတော့ အရင် ကလို တင်သွင်းတဲ့ စရိတ်တွေ မရှိတော့ တစ်ဘူးကို ၃၀၀ ကျော် ၄၀၀၀န်းကျင် လောက်နဲ့ ရောင်းနိုင်တယ်။ အခုလော လောဆယ် ဈေးကွက်ထဲမှာစပြီး ဖြန့်နေတာကတော့ ၂၄ လုံးပါတဲ့
တစ်ကပ်ကို ၇,၅၀၀ နဲ့ ကျွန်တော်တို့ ရောင်းနေပါ တယ်" ဟုMDG ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်မော်သိန်းက မြန်မာတိုင်း(မ်) ကို ပြောသည်။

ယခင်မလေးရှားနိုင်ငံမှ တင်သွင်းသော Sunkist အချိုရည်သည် တစ်ဘူး တွင် ၃၂၅ မီလီလီတာသာပါရှိသော် လည်း ယခုမြန်မာနိုင်ငံမှထုတ်လုပ် သော
Sunkist အချိုရည်သည်တစ်ဘူး တွင် ၃၃၀ မီလီလီတာ အပြည့်ပါပြီး လိမ္မော်အရသာပိုကဲကြောင်း ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

"မြန်မာပြည်မှာ စပြီးထုတ်လုပ်ပေမယ့်လည်း ထုတ်လုပ်မှုပိုင်းကို နိုင်ငံတကာ အဆင့်မီအောင်ကျွန်တော်တို့ ကြိုးစားထားပါတယ်။ နိုင်ငံခြားက ပညာရှင်တွေ
ကိုလည်း ခေါ်ယူထားပါတယ်။ကိုယ့် နိုင်ငံမှာ ထုတ်လုပ်ရပြီဆိုတော့
ဈေးနှုန်း ချိုသာပြီး လတ်ဆတ်တဲ့ အချိုရည်တွေ ကိုစားသုံးသူတွေ
အတွက် ရောင်းပေး နိုင်ပါပြီ"ဟုဦးအောင်မော်သိမ်းက ပြောသည်။

ထုတ်လုပ်မှုအပိုင်းတွင် မြန်မာပြည်၌ ကုန်ကြမ်းနှင့် သကြားမှာ အဓိကဖြစ်ပြီး အချိုရည်ထုပ်ပိုးမှုအပိုင်းဖြစ်သည့် သံဘူးများကိုမူ နိုင်ငံခြားမှတင်သွင်း
ရကြောင်း ၎င်းက ပြောသည်။

ယခုကဲ့သို့ မြန်မာပြည်၌ ထုတ်လုပ်ခွင့်ရရှိ ပြီးသည့် နောက်ပိုင်းတွင်
လည်း မြန်မာပြည်ဈေးကွက်အတွင်းသို့ ယခင်တင်ပို့နေကျ ဖြစ်သော
မလေးရှားနိုင်ငံထုတ် Sunkist အချိုရည်များအား နိုဝင်ဘာလကုန်မှ
စတင်ခါ ရောင်းချခွင့်များကို အမေရိကန် ရှိ Sunkist
ကုမ္ပဏီကြီးက ပိတ်ပင်ထားကြောင်း ၎င်းကဆက်၍ ပြောသည်။

ယခင် အချိုရည်များအား ကန့်သတ် ကုန်များအဖြစ် သတ်မှတ်ထားသည့် အချိန်တွင်ပြည်ပမှတင်သွင်းမှုများ ပြုလုပ်ခဲခြင်းကြောင့် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရကြောင်းဦးအောင်မော်သိမ်း က ပြောသည်။

"အရင်တုန်းက သွင်းမယ်ဆိုရင် ဟိုတယ်လိုင်စင်လည်း ယူရသေးတယ်။ ဒါကြောင့်မို့လို့ကျွန်တော်တို့ရဲ့ စုစုပေါင်းကုန်ကျစရိတ်က တော်တော်များ
နေခဲ့တယ်။ ဒီတာ့ ဈေးကွက်ထဲမှာ ပြန်ဖြန့်တဲ့ ဈေးကလည်း မြင့်သွားတယ်။
နောက်ပြီး ပစ္စည်းကလည်း ၀င်တစ်လှည့်မ၀င် တစ်လှည့်ဆိုတော့ တင်သွင်းရတာတော်တော် အခက်အခဲရှိတယ်"ဟု ၎င်းက ပြောသည်။

ထို့ပြင် Sunkist အချိုရည်အား နောက်ပိုင်းတွင် ပလတ်စတစ်ဘူးများ
ဖြင့်လည်း တိုးချဲ့ထုတ်လုပ်သွားမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။
 
အပေါ်သို့!