Searching...

စစ်တွေ၌ လူဦးရေစစ်ဆေးခြင်းကို လက်မခံဘဲ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့၍ နောက်ကွယ်မှ ကြိုးကိုင်သည်ဟု ယူဆရသူ အချို့အား ဖမ်းဆီး


Eleven Created on Wednesday, 01 May 2013 10:14

ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီလူဦးရေအား စစ်ဆေးခြင်းအပေါ် လက်မခံဘဲ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သဖြင့် နောက်ကွယ်မှ ကြိုးကိုင်သည်ဟု ယူဆရသူများအနက် အချို့အား ဖမ်းဆီးအမှုဖွင့်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီးရာတွင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားသူများဟု ယူဆရသူများကိုသာ အဓိကထား ဖမ်းဆီးအမှုဖွင့်ခြင်း ဖြစ်ပြီး ဧပြီ ၂၉ ရက်အထိ အမှုဖွင့် အရေးယူထားသူ ခုနစ်ဦးအထိ ရှိနေပြီ ဖြစ်ကြောင်းလည်း သိရသည်။ ဧပြီ ၂၆ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဘင်္ဂါလီ အရေအတွက် မည်မျှ ရှိသည်ကို ပြည်ထောင်စုအဆင့် စစ်ဆေးခြင်းဖြစ်ရာ ဘင်္ဂါလီများက လက်မခံဘဲ အကြမ်းဖက်မှုများကိုလည်း ပြုလုပ်ခဲ့ရာ သွားရောက် စစ်ဆေးသူအချို့ ဒဏ်ရာရရှိခဲ့သည်အထိ ဖြစ်ပွား ခဲ့၍ ပြန်လည်ပြေးလာ ခဲ့ရကြောင်း

သိရသည်။

ယင်းအတွက် သက္ကယ်ပြင်ကျေးရွာမှ ကျော်မြင့်၊ ကျော်ခင်၊ စံလင်း၊ လှမြင့်၊ ဘသာ၊ မာမတ်ဟာရှိန်းနှင့် ဆော်လီမာန်တို့အား ဖမ်းဆီးတရားစွဲဆို ထားကြောင်း သိရသည်။ ယင်းအမှုအား လ၀ကမှူး ဦးရန်အောင်မြင်က တရားစွဲဆို အမှုဖွင့်ခဲ့ရာ ဒုရဲအုပ်အေးကျော်က ယင်းအမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသူများအား စစ်တွေမြို့နယ် ရဲစခန်းမှ(ပ) ၉၉/၁၃၊ ပြစ်မှု ပုဒ်မ ၁၄၈/၃၃၃/၃၈၂/၅၀၆ တို့ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ် မဖြစ်ခင်ကတည်းက သက္ကယ်ပြင်၊ သဲချောင်းနှင့် အခြားနေရာများတွင် ရိုဟင်ဂျာနယ်မြေဟု ဆေးများဖြင့် ရေးထိုးထားခြင်း၊ စာများဖြင့် ကပ်ထားခြင်းများကို ပြုလုပ်ခဲ့ကြောင်းလည်း မျက်မြင် သက်သေများက ဆိုသည်။ လက်ရှိ၌ လူဦးရေ စစ်ဆေးခြင်းကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားကြောင်း သိရသည်။
 
အပေါ်သို့!