Searching...

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဆက်လက်ကူညီ သွားမည် ဖြစ်ကြောင်း တိုနီဘလဲ ပြောကြား


Saturday, 08 June 2013

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် စိန်ခေါ်
မှုများ ရှိနေသေးသော်လည်း ဆက်လက်ကူညီသွားမည် ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲက ဇွန် ၇ ရက်တွင် ကမ္ဘာ့စီးပွားရေးဖိုရမ်၌ သတင်းထောက်များအား ပြောကြားသည်။

"မြန်မာနိုင်ငံမှာ စိန်ခေါ်မှုတွေ ရှိနေပါသေးတယ်။ ဒါပေမဲ့ တခြားတစ်
ဖက်က ပြန်ကြည့်တော့လည်း အပြောင်းအလဲတွေက တော်တော်လေး အခြေခိုင်လာတာမျိုးလည်း တွေ့ရတယ်။ နိုင်ငံရေး ခေါင်းဆောင်တွေ

အနေနဲ့ အောင်မြင်အောင် ဆောင်ရွက်နေတဲ့ အပိုင်းလည်း တွေ့ရတယ်" ဟု တိုနီဘလဲက ပြောကြားသည်။

အလားတူ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးကို အရင်လုပ်သင့်ပါသလား၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အရင်ပြင်ဆင် သင့်ပါသလား။ သို့မဟုတ် စီးပွားရေး တိုးတက်မှုကို အရင်လုပ်သင့်ပါသလား ဆိုသော ထိုင်းနိုင်ငံ The Nation သတင်းစာ၏ မေးမြန်းချက်အပေါ် "ပြိုင်တူလုပ်ဖို့ လိုတယ်လို့ပဲ မြင်ပါတယ်။ ကွဲလွဲမှုတွေ ရှိနေတယ်။ ပဋိပက္ခတွေ ရှိနေတယ်။ ဒါပေမဲ့ ဒါတွေကို အရင်ဆုံး ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ အဓိကစိန်ခေါ်မှုက ဒီမိုကရက်တစ်လုပ်ငန်းစဉ်ကို ရှေ့ဆက်နိုင်ဖို့ပါ။ နိုင်ငံအတွင်းမှာ မီးရရှိဖို့၊ လမ်းတွေကောင်းမွန်အောင် လုပ်ဖို့၊ လူနေမှုအဆင့်အတန်းတွေ မြင့်ဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာဖို့ လိုပါတယ်။ ပြီးရင် ပြည်တွင်းနိုင်ငံရေးကိုလည်း ကိုင်တွယ်နိုင်ဖို့ လိုပါတယ်" ဟု ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲက ဖြေကြားသည်။

ထို့အတူ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု နောက်ပြန်လှည့်သွားနိုင်သလားဆိုသည့် အမြင်အပေါ်တွင်မူ "ဒီလိုပြောတော့ စကားလုံးက ကြီးသွားတယ်။ ဒါပေမဲ့ အပြင်မှာရော အတွင်းမှာပါ ဒါနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေတော့ ရှိနေပါတယ်။

ကျွန်တော်ပြောနိုင်တာကတော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုကို လက်ခံတယ်။ ဆက်လက်ပြီး အကူအညီပေးသွားမှာပါ။ နိုင်ငံတကာ အသိုင်းအ၀ိုင်းကိုလည်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုကို ဆက်လက်ထောက်ခံပြီး အကူအညီပေးသွားဖို့ ပြောချင်ပါတယ်။
နောက်ပြန်သွားမယ် ဆိုရင်တော့ မကျေနပ်မှုတွေ အများကြီး ရှိလာနိုင်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

eleven media group
 
အပေါ်သို့!