Searching...

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် PR စနစ် ကျင့်သုံးမည်ဆိုပါက ရခိုင် တိုင်းရင်းသားများ ကန့်ကွက်မည်


Saturday, 08 June 2013

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ်(PR System)ကို ကျင့်သုံးရန် ချမှတ်မည်ဆိုပါက ရခိုင်တိုင်းရင်းသားများအနေဖြင့် ကန့်ကွက်
သွားမည်ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က
ပြောကြားသည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြီးခဲ့သည့် တစ်လအတွင်း ရခိုင်ပြည်နယ်
အတွင်းရှိ မြို့နယ်ကိုးခုနှင့် ကျေးရွာအချို့သို့ သွားရောက်ကာ ဒေသခံ ရခိုင်ပြည်သူများနှင့် တွေ့ဆုံပွဲများ ပြုလုပ်ခဲ့ပြီး ယင်းတွေ့

ဆုံပွဲများတွင် အဆိုပါ PR စနစ်ကို ကန့်ကွက်ရန် ရခိုင်တိုင်းရင်းသားများက ထောက်ခံ
ခဲ့သည်ဟု ဦးအေးသာအောင်က ဆိုသည်။

မြန်မာနိုင်ငံတွင် PR စနစ်ကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကျင့်သုံးရန် သမ္မတ အပါအ၀င် လွှတ်တော်အထိ အဆင့်ဆင့် တင်ပြနေခြင်းများ ရှိကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အဆိုပါ စနစ်ကိုသာ ကျင့်သုံး
ခဲ့မည် ဆိုပါက ကန့်ကွက်သွားရန် တင်ပြခဲ့ပြီး ရခိုင်တိုင်းရင်းသားများ
ကလည်း ထောက်ခံကြောင်း ဦးအေးသာအောင်က ပြောကြားသည်။

"PR စနစ်ကိုသာ ကျင့်သုံးမယ်ဆိုရင် ပြီးတော့ ယာယီသက်သေခံ
လက်မှတ် (၀ှိုက်ကတ်) ကိုင်ဆောင်ထားတဲ့သူတွေသာ မဲပေးခွင့် ရခဲ့မယ်ဆိုရင် ရခိုင်ပြည်နယ်ရဲ့ အမျိုး၊ ဘာသာ၊ သာသနာအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်တယ် ဆိုတာကို ရခိုင်တိုင်းရင်းသားတွေကို ရှင်းပြခဲ့တယ်" ဟု ဦးအေးသာအောင်က ဆိုသည်။

PR စနစ်ကို ကျင့်သုံးစေလိုသည့် ပါတီအချို့မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ကရင်ပြည်သူ့
ပါတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးပါတီအဖွဲ့ချုပ်၊ ၀ံသာနု ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ စသည်တို့ ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသား ပါတီအများစုမှာမူ ငွေကြေးအင်အား အသုံးပြုကာ အစွန်းရောက် ပါတီအချို့ လွှတ်တော်တွင်း ၀င်ရောက်လာနိုင်ခြင်း၊ မဲပေးပုံစနစ် ရှုပ်ထွေးမှုများရှိသည် ဟုဆိုကာ အဆိုပါ စနစ်ကို ကန့်ကွက်မှုများ ရှိနေပြီး ပြီးခဲ့သည့် မေလကုန်ပိုင်းကလည်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်အရ လာမည့်ရွေးကောက်ပွဲတွင် PR စနစ်ကို အသုံးမပြုသင့်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ရခိုင်တိုင်းရင်းသားများနှင့် သွားရောက်တွေ့ဆုံခဲ့သည့် မြို့နယ်များမှာ အမ်း၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ သံတွဲ၊ တောင်ကုတ်၊ ဂွ စသည့်မြို့နယ်များဖြစ်ပြီး အဆိုပါ ရခိုင်လူထုနှင့် တွေ့ဆုံမှုများတွင် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခြေအနေများကို ဆွေးနွေးခြင်း၊ ဒီမိုကရေစီ ရရှိရန် ကြိုးစားနေသည့် ကာလတွင် နိုင်ငံရေး၌ ပြည်သူများ ပါဝင်လာရန်ကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

လက်ရှိမြန်မာနိုင်ငံ၌ ကျင့်သုံးနေသည့် ရွေးကောက်ပွဲစနစ်မှာ မဲအများဆုံးရသူ အနိုင်ရစနစ် (Winner Take All) စနစ်ဖြစ်ပြီး PR စနစ်ဆိုသည်မှာ ကိုယ်စားလှယ်လောင်း တစ်ဦးသည် ၎င်းဝင်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်တွင် အနိုင်မရသော်လည်း အခြားနေရာများမှ ပါတီဝင် ကိုယ်စားလှယ်များ၏ မဲများဖြင့်ပေါင်းကာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခွင့်ရှိသည့် စနစ်မျိုးဖြစ်ကာ သုံးစွဲပုံစနစ်မှာမူ အမျိုးမျိုးရှိနေသည်။

PR စနစ်ကို လာမည့် ဇွန် ၂၅ ရက်မှစကာ ပြန်လည်ပြုလုပ်မည့် လွှတ်တော် အစည်းအဝေးများတွင် တင်သွင်းကာ အဆုံးအဖြတ် ရယူသွားမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ် မတိုင်မီအထိ ဆုံးဖြတ်နိုင်ခြင်း မရှိပါက လက်ရှိရွေးကောက်ပွဲ စနစ်ကိုသာ ကျင့်သုံးသွားမည်ဟု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။

eleven media group
 
အပေါ်သို့!