Searching...

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက် =========================================


ကျွန်တော်တို့အစိုးရအနေနဲ့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို ရည်သန်ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ လွတ်မြောက်ရေးအတွက် အစဉ်အမြဲ အာရုံစိုက်လုပ်ဆောင်လျက် ရှိပါတယ်။

ကျွန်တော့်အနေနဲ့ အမှန်တကယ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား တစ်ဦးတစ်ယောက်မျှ
အကျဉ်းထောင်ထဲတွင် ရှိနေစေလိုခြင်း မရှိပါ။


သို့သော်လည်း ယခင်ခေတ်အဆက်ဆက်က ရှုပ်ထွေးခဲ့တဲ့ ရာဇဝတ်မှုနဲ့ နိုင်ငံရေးပြစ်မှု မကွဲပြားတဲ့ကိစ္စရပ်တွေကို စိစစ်ဆောင်ရွက်နေရတဲ့အတွက် အချိန်ယူ လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ ယခုအခါမှာ ထိုကိစ္စရပ်များကို ရှင်းလင်းနိုင်ဖို့အတွက် လက်ကျန်နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီကို ကျယ်ပြန့်တဲ့ ပါဝင်မှုနဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်နေပြီ ဖြစ်တဲ့အတွက် မကြာခင်မှာ အမှန်တစ်ကယ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများ အားလုံး လွတ်မြောက်တော့မှာ ဖြစ်ပါတယ်။

သို့သော်လည်း နိုင်ငံရေးနဲ့ရောယှက်ပြီး အကြမ်းဖက်မှုများ၊ လူသတ်မှုများ၊ မုဒိန်းမှု အစရှိတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ သူတွေကတော့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ခံယူရမှာ ဖြစ်ပါတယ်။ ဒီကိစ္စကို ကျွန်တော် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိစဉ်ကာလမှာ သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ရှင်းလင်းပြောကြားခဲ့ရာမှာ ကျွန်တော်တို့နဲ့ သဘောထားတူညီတယ် ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။

ကျွန်တော်တို့အစိုးရအနေနဲ့ အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေး ကို ရှေးရှုတဲ့ စေတနာ သက်သက်နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ကို လုပ်ဆောင်နေတာ ဖြစ်ပြီး ခေတ်အဆက်ဆက်က ယိုယွင်း ခဲ့တဲ့ အုပ်ချုပ်ရေးစနစ်ထဲမှာ ဖြေရှင်း လုပ်ဆောင်နေရတာ ဖြစ်လို့ အချိန်အတိုင်းအတာတစ်ခု ယူရတာကလွဲပြီး အခြားနိုင်ငံရေး အမြတ် ထုတ်လိုမှု မရှိကြောင်း အလေးအနက် ပြောကြားလိုပါတယ်။

ဒါကြောင့် ကျွန်တော်တို့အစိုးရလက်ထက်မှာ လွတ်ငြိမ်းချမ်း သာခွင့်ပေး ခဲ့တဲ့ နိုင်ငံရေးနဲ့ ဆက်နွယ်အကျဉ်း ကျခံခဲ့ရသူများ နဲ့ပတ်သက်လို့ ပုဒ်မ ၄၀၁ ကို နိုင်ငံရေးလက်နက်တစ်ခုအနေနဲ့ အသုံးချပြီး အရေးယူခြင်း ပြုလုပ်ရန် အစီအစဉ်မရှိကြောင်း တစ်ပါ တည်း ပြောကြားလိုပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်
(၂၀၁၃ ခုနှစ် ဇွန်လ ၄ ရက်နေ့ ရေဒီယိုမိန့်ခွန်းမှ ကောက်နှုတ်ချက်)
 
အပေါ်သို့!