Searching...

မုံရွာ-မန္တလေး အဝေးပြေး ကားလမ်းဘေး ယုန်သား ရောင်းချသူ များပြားလာ



၂.၇.၂၀၁၃၊ အင်္ဂါနေ့

စစ်ကိုင်းမြို့ အုန်းတော ကျေးရွာနှင့် နှုံးတွင်းကျေးရွာ အကြား မုံရွာ-မန္တလေး အဝေးပြေး ကားလမ်းမကြီးပေါ်၌ယုန်သား ရောင်းချသူ များပြား လာရခြင်း သည် ရွှေမင်းဝံ ထိန်းသိမ်း သစ်တော အတွင်း သဘာဝ ယုန်မျိုးစိတ်များ ပြုန်းတီး လာနိုင်သည့် အတွက် စိုးရိမ်ပူ ပန် မိကြောင်း မုံရွာ သဘာဝ ပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ရေး သစ်ပင်စိုက် အဖွဲ့မှ ဦးမောင်မောင် စိုးတင့်က ပြောကြားခဲ့ သည်။

''ယုန်တစ်ကောင် ရဖို့ဆိုရင် လက်နှိပ်ဓာတ်မီး အားကောင်းကောင်းနဲ့ လိုက်ရှာရတယ်။ ယုန်ကို တွေ့ပြီဆိုတာနဲ့ မီးကို စိုက်ပြီး ထိုးထားရတယ်။ ပြီးမှ

လောက်လေးခွနဲ့ ပစ်ပြီး လိုက်ရတာပါ'' ဟု ယုန်သား ရောင်းချနေသူ နှုံးတွင်းရွာ သားတစ်ဦးက ပြောကြားခဲ့သည်။ ယုန် တစ်ကောင် ၏ ရောင်းဈေးနှုန်းထားမှာ ငွေကျပ် ရှစ်ထောင်မှ တစ်သောင်း နှစ်ထောင်ကျပ် အထိ ဖြစ်ကြောင်း ယုန်လိုက်သူ နှစ်ယောက် တစ်ဖွဲ့ဆိုလျှင် တစ်ည လေးငါးကောင်ခန့် ရရှိကြောင်း သိရသည်။

အဆိုပါ လမ်းမကြီးသည် နေ့စဉ် နိုင်ငံခြားသား ဧည့်ခရီးသွားများ ဥဒဟို ဝင်ထွက် သွားလာလျက် ရှိရာ ယုန်သား ရောင်းချ သူများသည် ယုန်ကောင်လေး များ၏ ခြေထောက်စုံအား ကြိုးဖြင့်ချည်ကာ သစ်ကိုင်းခြောက်တွင် ဇောက်ထိုးဆွဲ၍ ရောင်းချနေခြင်း ဖြစ်သည်။ ၎င်းမြင်ကွင်းကို အထူး စိတ်ဝင်စားလျက် ရှိသည့် နိုင်ငံခြားသား ဧည့်ခရီးသွားများ သည် ၎င်းတို့ စီးနင်းလာသော ကားများကို ယင်းနေရာ၌ ရပ်တန့်စေပြီး ယုန် သား ရောင်းချ နေသူများကို အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးလေ့ ရှိကြောင်း ကိုယ်တိုင် မြင်တွေ့ဖူးသူ နတ်ခရိုင် ကျေးရွာသား တစ်ဦးက ပြောကြားခဲ့သည်။

myawady
 
အပေါ်သို့!