Searching...

“မကြာမီ အွန်လိုင်းမီဒီယာများ မှတ်ပုံတင်ခွင့် ရတော့မည်”




By Yatanarpon 4 May, 2012 - 11:59

ပြန်ကြားရေးဝန်ကြီးဌာနက အွန်လိုင်းမီဒီယာများကို မကြာမီ သမားရိုးကျ အခြားသော မီဒီယာများနည်းတူ သတ်မှတ်ပြီး မှတ်ပုံတင်ခွင့်နှင့် အခွင့်အရေးတန်းတူ ရရှိစေရန် ဆောင်ရွက်လုပ်ကိုင် နေတယ်လို့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားမှာ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးဝင်းက ပြောသွားပါတယ်။

လာမယ့် ၂၀၁၃ ခုနှစ်မှာ အတည်ပြုရန်ရှိတဲ့ ပုံနှိပ်မီဒီယာဥပဒေမှာ သတင်းအေဂျင်စီများ ထူထောင်ပြီး အွန်လိုင်းကတဆင့် သတင်း အချက်အလက်များ ဖြန့်ဝေလိုပါက မှတ်ပုံတင်ပြီး ဆောင်ရွက်ခွင့် ရရှိစေရန် စဉ်းစားဆောင်ရွက်နေကြောင်း၊

ယခု လောလောဆယ်မှာ ပြည်တွင်းမှာရှိတဲ့ အွန်လိုင်းမီးဒီယာများအနေနဲ့ သတင်းစာသားများကို စာပေစိစစ်ရေးကို တင်ပြ စရာမလိုဘဲ ဖော်ပြနေကြကြောင်း၊ မကြာမီမှာ လွှတ်တော်မှာ တင်ပြရန် ကျန်ရှိတဲ့ သတင်းမီဒီယာဥပဒေ အတည်ပြု ပြဋ္ဌာန်းပြီးတဲ့နောက်မှာ မှတ်ပုံတင်ခြင်းများကို စတင်ပြုလုပ်မှာ ဖြစ်ပြီး၊ ယခုနှစ်ဆန်းပိုင်းက အင်းယားလိပ် ဟိုတယ်မှာ ပြုလုပ်ကျင်းပခဲ့တဲ့ မြန်မာသတင်းမီဒီယာ ဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲမှာ အွန်လိုင်း မီဒီယာတွေကို မြန်မာ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှာ မှတ်ပုံတင်ရမယ် ဆိုတာကို သဘောတူညီခဲ့ကြပြီးတဲ့နောက် လအနည်းငယ် အကြာမှာဘဲ အွန်လိုင်းမီဒီယာတွေကို ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်မှာ တပေါင်းတစည်းတည်း ထားရှိမယ်လို့ ပြန်လည်ဆုံးဖြတ် ခဲ့ကြကြောင်း၊

ဒါပေမယ့် အွန်လိုင်းမီဒီယာများ အနေနဲ့ ဆက်သွယ်ရေး ဥပဒေနှင့် အွန်လိုင်းမီဒီယာနဲ့ သက်ဆိုင်တဲ့ အီလက်ထရွန်းနစ် ဥပဒေအရ ယင်းဥပဒေကို ဖေါက်ဖျက်ကျူးလွန်ပါက အမြင့်ဆုံး ထောင်ဒဏ် (၁၅) နှစ်အထိ အပြစ် ချမှတ်နိုင်ကြောင်းတို့ကို ရှင်းလင်းပြောကြား သွားပါတယ်။
 
အပေါ်သို့!